ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောင််းအားထိုးကျသွားတာပါ
Nyein Min Wai

COVID-19 ကာလ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ ၂၀% အထိ ကျဆင်းသွားတယ်လို့ Gartner ဈေးကွက်သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားပြီးနောက် ဝယ်ယူသုံးစွဲသူတွေဟာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းမဟုတ်တဲ့ အရာတွေအပေါ် ငွေသုံးစွဲမှု လျှော့ချခဲ့တာကြောင့် စမတ်ဖုန်းတင်ပို့ရောင်းချမှုလည်း ကျဆင်းသွားခဲ့ပါတယ်။ Gartner ရဲ့ အစီရင်ခံစာအရ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ၂၀၂၀ ပထမ ၃ လပတ်အတွင်း ၂၀.၂% အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။


Photo: MacRumours

Gartner ရဲ့ အချက်အလက်တွေအရ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း စမတ်ဖုန်းတင်ပို့မှုဟာ စုစုပေါင်း ၃၇၄.၉ သန်းကျော် ရှိခဲ့ပြီး ၂၀၂၀ ပထမသုံးလပတ်မှာတော့ ၂၉၉.၁ သန်းကျော်ပဲ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ Huawei ဟာ ထိပ်တန်း စမတ်ဖုန်း ၅ မျိုးမှာ နှစ်အလိုက်ရောင်းအားအကျဆုံး ဖုန်းကုမ္ပဏီ ဖြစ်ခဲ့ပြီး Xiaomi ကတော့ ၁.၄% ပိုတက်လာခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဟာ အဆိုးဝါးဆုံး ထိုးကျမှုနဲ့ ကြုံနေပါတယ်။ တရုတ်ဖုန်းကုမ္ပဏီအများစုနဲ့ Apple ဟာ တရုတ်နိုင်ငံအတွင်း စက်ရုံများ ယာယီပိတ်ထားရမှု ၊ ဖောက်သည်တွေ ငွေသုံးမှုလျှော့ချခြင်းကြောင့် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်" လို့ Gartner ရဲ့ အကြီးတန်းသုတေသသီအန်ရှူးလ်ဂုပတားက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၇၁.၆ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Samsung ဟာ ၂၀၂၀ ပထမ သုံးလပတ်မှာ အလုံး‌ရေ ၅၅.၃ သန်းကျော် ပဲ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ အရင်နှစ် ကာလတူက စုစုပေါင်း ၅၈.၄ သန်းကျော် ‌ရောင်းချနိုင်ခဲ့ရာကနေ ဒီနှစ်ကာလတူမှာ ၄၂.၄ သန်းကျော် ရောင်းအားရှိခဲ့တာပါ။

Photo: wpbrowse


၂၀၁၉ ပထမသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၄၄.၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Apple ဟာ ဒီနှစ်မှာ စုစုပေါင်း ၄၀.၉ သန်းကျော်ပဲ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တရုတ်နိုင်ငံအတွင်းက လက်လီစတိုးအားလုံး ပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီလကုန်နဲ့ မတ်လလယ်မှာ ပြန်ဖွင့်လာပါတယ်။ တရုတ်ပြည်ပမှာ ရှိတဲ့ Apple စတိုးတွေကိုတော့ အကုန်လုံး ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။

Huawei ဟာ COVID-19 ကြောင့် ရောင်းအားထိခိုက်မှုအပြင် အမေရိကန်အစိုးရရဲ့ ဖိအားပေးပိတ်ဆို့မှုတွေကြောင့်လည်း ပိုပြီး အခက်တွေ့နိုင်ပါတယ်။ Google Play လိုင်စင် သုံးစွဲခွင့်ရပ်ဆိုင်းထားရတဲ့ Huawei ဟာ အသစ်ထွက်လာမယ့် ဖုန်းတွေမှာ Huawei Mobile Services များပဲ ပြောင်းလဲထည့်သွင်းတင်ပို့လာနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က