လူငယ်များ ဂိမ်းစွဲလမ်းမှုနဲ့အကြမ်းဖက်မှု မဖြစ်စေဖို့ပါ
Nyein Min Wai

     နိုင်ငံရဲ့ ဖက်ထရယ်စုံစမ်းစစ်ဆေးရေး အေဂျင်စီရဲ့ တောင်းဆိုမှုနဲ့PUBG ဂိမ်းကစားမှုကို နီပေါတယ်လီကွန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ဟာ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ် ။

Photo: engadget

         PlayerUnknown's Battlegrounds လို့ခေါ်တဲ့ PUBG Mobile ဂိမ်းကို နီပေါမှာ ကစားခွင့် ပိတ်ပင်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပြီး အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ ဆိုးကျိုးရှိခြင်း နဲ့ကလေးများ ဂိမ်းစွဲလမ်းမှု ဖြစ်စေနိုင်ခြင်းကြောင့် ဒီဂိမ်းကို ပိတ်ပင်လိုက်တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

         ဆယ်ကျော်သက်အရွယ် လူငယ်များနဲ့ကလေးများအကြား ဂိမ်းစွဲလမ်းမှု လွန်ကဲလာခြင်းနဲ့အတူ ဂိမ်းကြောင့် ကလေးများ ပညာရေး ထိခိုက်နိုင်မှာ စိုးရိမ်ချက်ကြောင့် နာမည်ကြီး PUBG ဂိမ်းကို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့နီပေါတယ်လီကွန်း ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့NTA ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆန်ဒစ်ပ်အက်ဟီကာရီမှ ပြောထားပါတယ်။

         NTA ဟာ ဒီဂိမ်းကို ကစားခွင့် ပိတ်ဖို့အတွက် Mobile နဲ့ISP (internet Service Provider) တွေကို PUBG ဂိမ်း access လုပ်ခွင့်ပိတ်ထားဖို့ညွှန်ကြားထားပါတယ်။ PUBG ကို ပိတ်ပင်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မြို့ပြရာဇဝတ်မှုဌာန (MCD) ရဲ့ ရဲအရာရှိချုပ် ပရာတပ်ဆင်းဂ်မှ Kathmandu Post မှာ အခုလို ပြောထားပါတယ်။

  Photo: The Himalayan Times       

         "ကျောင်းသားမိဘတွေနဲ့ကျောင်းတွေဟာ ဒီဂိမ်းကြောင့် ကလေးတွေ ပညာသင်ကြားမှု ထိခိုက်မှာနဲ့ပိုပြီး ကြမ်းတမ်းခက်ထန်လာမှာကို စိုးရိမ်နေပါတယ်။ စိတ်ပညာကျွမ်းကျင်သူတွေနဲ့ကျွန်တော်တို့တိုင်ပင်ကြည့်တော့လည်း ဂိမ်းထဲက အကြမ်းဖက်မှုဟာ တကယ့်ဘဝမှာလည်း ခက်ထန်လာစေနိုင်တယ်လို့ပြောပါတယ်" လို့ဆိုပါတယ်။

         PUBG ကို ပိတ်ပင်လာတာ နီပေါတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ မတ်လထဲမှာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ထဲက မြို့၄ မြို့ဟာ PUBG Mobile ဂိမ်းကစားခွင့်ကို ပိတ်ပင်ခဲ့ပြီး ပိတ်ပင်ရတဲ့ အကြောင်းရင်းကလည်း လူငယ်များ ရိုင်းစိုင်းကြမ်းတမ်းလာမှာ စိုးရိမ်ချက်နဲ့ပညာရေးနောက်ကျမှာ စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

         ဧပြီလဆန်းပိုင်းက PUBG ကစားမှုကို မိဘတွေက သူ့အချိန်နဲ့သူ ကစားဖို့သတ်မှတ်ခံရပြီးနောက် ဆယ်ကျော်သက်လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို သတ်သေပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဒီဂိမ်းကို ပိတ်ပင်ဖို့တောင်းဆိုမှု မြင့်တက်လာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က