bitcoin နဲ့ချေခဲ့ရတာပါ
Nyein Min Wai

စည်ပင်ရုံးသုံး ကွန်ပျူတာတွေမှာ Ransomware တိုက်ခိုက်ခံရပြီးနောက် မြို့ကောင်စီဝင်တွေဟာ ဟက်ကာတွေ တောင်းတဲ့ ပိုက်ဆံပေးခဲ့ရပါတယ်။


           ဖလော်ရီဒါမြို့တစ်မြို့မှာ ကွန်ပျူတာစနစ်များထဲ ထိုးဖောက်ပြီး အီးမေးလ်နဲ့အရေးပေါ် တုန့်ပြန်ရေးစနစ်များ ပိတ်ချသွားတဲ့ ransomware တစ်ခု ဖြစ်ပွားပြီးနောက် ဒီကွန်ပျူတာတွေကို အလုပ်ပြန်လုပ်စေဖို့ဟက်ကာတွေကို ဒေါ်လာ ၆ သိန်း ပေးခဲ့တာ ဖြစ်တယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။ Palm Beach ရဲ့ ဆင်ခြေဖုံးတစ်ခု ဖြစ်တဲ့ Riviera Beach မှာ သုံးနေတဲ့ စည်ပင်ကွန်ပျူတာတွေဟာ ransomware attack မိသွားပြီး Shutdown ကျကုန်တာပါ။

Photo: Engadget

           ဒီဖြစ်ရပ်ကြောင့် ဝန်ထမ်းတွေဟာ ကွန်ပျူတာစနစ်ကနေ စာရွက်စာတမ်းတွေနဲ့အလုပ်လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ကြုံပြီးနောက် ဒေသကောင်စီဟာ ဆိုင်ဘာလုံခြုံရေးအတိုင်ပင်ခံတွေကို စုံစမ်းစေခဲ့ပြီး လူပေါင်း ၃၅၀၀၀ ကို အုပ်ချုပ်နေတဲ့ ဒီကောင်စီဟာ ဟက်ကာတွေတောင်းတာကို ပေးဖို့မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဟက်ကာတွေကို ငွေချေရာမှာလည်း ဒေါ်လာ ၆ သိန်းနဲ့ညီမျှတဲ့ bitcoin ၆၅ ခုကို ပေးချေခဲ့ရတာ ဖြစ်သလို ငွေပေးမှုကိုလည်း မြို့ရဲ့ အာမခံမူဝါဒအတိုင်း ပေးခဲ့တာလို့ဆိုပါတယ်။

           ransomware တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဝန်ထမ်းတစ်ယောက်မှ အီးမေးလ်ထဲက ဗိုင်းရပ်စ်ပါတဲ့ attachment တစ်ခုကို ကလစ်မိရာကနေ ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ မြို့ရဲ့ ရေပေးဝေတဲ့ ဌာနတွေကို ပိတ်ချခဲ့တာကြောင့် ငွေပေးဆောင်မှုတွေကို ကွန်ပျူတာတွေနဲ့မလုပ်နိုင်တော့ဘဲ လက်နဲ့ပဲ လိုက်လုပ်နေခဲ့ရတယ်လို့ဆိုပါတယ်။

ဖလော်ရီဒါမှ အိုင်တီပညာရှင်တွေဟာ အခုချိန်မှာ တိုက်ခိုက်ခံထားရတဲ့ မြိုု့ဝက်ဘ်ဆိုက် ၊ အီးမေလ်း ၊ ငွေကြေးနဲ့ရေပေးဝေရေး စီမံမှုစနစ် တော်တော်များများကို back up လုပ်ပြီး ပြန်လည်ပတ်နေတယ်လို့ထုတ်ပြန်ထားပြီး ယခု ဆိုင်ဘာတိုက်ခိုက်မှုကို ဥပဒေကြောင်းအရ အရေးယူဖို့ပြင်နေတယ်လို့ဖော်ပြထားပါတယ်။ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရို့စ်အန်နီဘရောင်းမှ ငွေပေးချေပြီးပေမယ့် ဟက်ကာတွေဟာ ကွန်ပျူတာစနစ်ကို ထိန်းချုပ်နေဦးမလားဆိုတာ မသေချာဘူးလို့ဆိုပါတယ်။

Photo: CBS News

           "ဆိုင်ဘာရာဇဝတ်သားတွေဟာ အားထုတ်မှုအနည်းဆုံးနဲ့အကျိုးအမြတ်အများဆုံး ရဖို့အမြဲပဲ ကြိုးစားကြပါတယ်။ ဒါကြောင့်ပဲ မြို့ရဲ့ နည်းပညာကို ပစ်မှတ်ထားတာဟာ သူတို့အတွက် စီးပွားရေးအခွင့်အလမ်းကြီးတစ်ခု ဖြစ်နေပါတယ်။ " လို့ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ IOActive ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် ဆီဇာဆာရက်ဇ်ဒိုက ပြောပါတယ်။

           အဖွဲ့အစည်းကြီးတွေကို ဆိုင်ဘာတိုက်ခိုက်ဖို့ဟာ ဟက်ကာတွေအတွက် ပိုခက်ပြီး ဒေသတွင်းအစိုးရကွန်ရက်တွေကတော့ ထိုးဖောက်ရလွယ်ကူတယ်လို့လည်း သူက ဆိုပါတယ်။ FBI ထောက်လှမ်းရေးရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်ထဲမှာ ransomware တိုက်ခိုက်မှုပေါင်း ၁၄၉၃ ခု ဖြစ်ပွားခဲ့ပြီး ဟက်ကာတွေဟာ ဒေါ်လာ ၃.၆ သန်း ခန့်အသားတင် ရဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။


Author


က္က