တတိယအကြိမ် hyperloop pod ပြိုင်ပွဲမှာ ဂျာမန် အင်ဂျင်နီယာကျောင်းသားတွေဟာ တစ်နာရီကို မိုင်ပေါင်း ၃၀၀ နီးပါးအထိ မြန်နှုန်းနဲ့ပြေးဆွဲနိုင်တဲ့ hyperloop pod ထွင်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
photo: Tech Crunch
မြေအောက်မှာ အထူးပြုလုပ်ထားတဲ့ ပြွန်အတွင်း သံလိုက်စွမ်းအင်သုံးပြီး ပြေးနိုင်တဲ့ Hyperloop များကို ထုတ်လုပ်နေတဲ့ အီလွန်မတ်စ်ပိုင် Space X ကနေ ကြီးမှူးကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ ဒီနှစ်နဲ့ဆို ၃ ကြိမ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်က မနှစ်က မြန်နှုန်းစံချိန်တင် hyperloop pod ပြိုင်ပွဲဝင်အသင်းကပဲ စံချိန်သစ် ထပ်တင်ပြီး အနိုင်ရသွားတာပါ။
Warr လို့ခေါ်တဲ့ မြူးနစ် နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာကျောင်းသားတစ်စုဟာ SpaceX ရဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ဒုတိယအကြိမ် ပြိုင်ပွဲမှာ တစ်နာရီ မိုင် ၂၀၀ ကျော်ပြေးဆွဲပြီး ပြိုင်ပွဲမှာ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဲဒီစံချိန်ထက် ၅၀% နီးပါး ပိုမြန်ခဲ့ပြီး အမြင့်ဆုံး အရှိန်ဖြစ်တဲ့ တစ်နာရီ ၄၆၇ ကီလိုမီတာ (မိုင်ပေါင်း ၂၉၀) ထိ ပြေးဆွဲနိုင်ခဲ့ပါတယ်။ တရားဝင် စံချိန်ကတော့ တစ်နာရီ ၂၈၄ မိုင်နှုန်းဖြစ်တယ်လို့ပြိုင်ပွဲက ထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲ အနိုင်ရ Warr Team ကို အီလွန်မတ်စ်က Twitter ပေါ်မှာ ချီးကျူးစကားဆိုခဲ့ပြီး လေဟာနယ်ထဲမှာ မြန်နှုန်းမြင့် pod တစ်လုံးကို ထိန်းကျောင်းဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ရေးသားခဲ့ပါတယ်။ ပြီးတဲ့နှစ် ဒီဇင်ဘာလထဲမှာ အာကာသစွန့်ဦးတီထွင်သူ ဘီလျံနာတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်ရဲ့ Virging Hyperloop One ကို စမ်းသပ်ခဲ့ရာမှာ တစ်နာရီ မိုင် ၂၄၀ နှုန်းအထိပဲ မြန်နှုန်း ရှိခဲ့တာပါ။ တစ်ခုရှိတာက သွားတဲ့ အကွာအဝေး ၊ ယာဉ်စနစ်ကွာခြားမှုကြောင့် WARR ရဲ့ pod က ပိုပြီးမြန်တယ်လို့ပြောမရဘူးလို့လည်း အသင်းခေါင်းဆောင် ဂါဘရီရယ် ဆီမင်နိုက ဆိုပါတယ်။
SpaceX hyperloop pod ပြိုင်ပွဲကို ၂၀၁၇ ဇန်နဝါရီလထဲမှာ စတင်ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် hyperloop ပြိုင်ပွဲမှာ WARR ဟာ တစ်နာရီ ၅၈ မိုင်နှုန်းပဲသွားနိုင်ခဲ့တာပါ။ ဒီပွဲရဲ့ အဓိက စည်းမျဉ်းနှစ်ခုကတော့ တွန်းစက်မပါဘဲ စက်ချည်းသက်သက် သွားနိုင်ဖို့နဲ့တိုက်ခိုက်မှု မရှိဘဲ အမြင့်ဆုံး အမြန်နှုန်းနဲ့ပြေးနိုင်ဖို့ပါ။
Space X hyperloop pod ပြိုင်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ဟော်သွန်းအရပ်မှာ ရှိတဲ့ SpaceX ရုံးချုပ်မှာ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယများကို အီလွန်မတ်စ်ပိုင် Boring Company မှ ထောက်ပံ့ပေးထားတာပါ။ ယခုနှစ် Hyperloop pod ပြိုင်ပွဲဟာ အရင့်အရင်နှစ်တွေထက် စာရင် hyperloop နည်းပညာပိုင်း ပံ့ပိုးချက်တွေ အများကြီး ပိုလာခဲ့ပါတယ်။
အရင်နှစ်များက ပြိုင်ပွဲဝင် အသင်းတွေရဲ့ pod ကို အရှိန်တင်ပေးဖို့SpaceX ထုတ် တွန်းစက်တစ်လုံးပဲ ပေးခဲ့ပြီး ဒီနှစ်မှာတော့ pod တွေဟာ အပြင်တွန်းစက်မလိုဘဲ ကိုယ်တိုင်တွန်းနိုင်လာသလို နောက်ထပ်လည်း Space X ဟာ ပျံသန်းတဲ့ နည်းပညာပိုင်း ပြိုင်ပွဲငယ်တစ်ခုပါ ထည့်သွင်းခဲ့တာပါ။ ဒီပြိုင်ပွဲငယ်ကတော့ hyperloop ပြေးလမ်းတစ်လျှောက် ပျံသန်းစဉ် ယာဉ်ကို ဟန်ချက်မပျက်အောင် ချိန်ညှိပေးနေဖို့ဖြစ်ပါတယ်။
Hyperloop များဟာ မြေအောက်လေဟာနယ် ပြွန်များအတွင်း pod ယာဉ်ငယ်များနဲ့လျှပ်စစ်မော်တာနဲ့အားကောင်းတဲ့ သံလိုက်စက်ကွင်းများ သုံးပြီး တစ်နာရီ မိုင်ရာပေါင်းများစွာနှုန်းနဲ့ပြေးနိုင်တဲ့ ယာဉ်တွေပါ။ မဝေးတော့တဲ့ အနာဂါတ်မှာ Hyperloop များဟာ ခေတ်ပြောင်းသယ်ယူပို့ဆောင်ရေးယာဉ်များ ဖြစ်လာဖို့ရှိပါတယ်။