ခံစားချက်ဖတ်ခြင်းဟာ စီးပွားရေး ဖြစ်လာပါတယ်
Nyein Min Wai

လူတွေရဲ့ စိတ်အတက်အကျ ခံစားမှုကို သိရှိအောင် ထောက်လှမ်းတဲ့ နည်းပညာ အသုံးပြုမှုကို ဥပဒေတွေနဲ့ ပိတ်ပင်ဖို့ သုတေသနစင်တာတစ်ခုက တောင်းဆိုလိုက်ပါတယ်။

နယူးယော့ခ်အခြေစိုက် AI နည်းပညာရဲ့ လူမှုဘဝပေါ် သက်ရောက်ချက်ကို လေ့လာနေတဲ့ AI Now Institute က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပြီး ဒီနည်းပညာနယ်ပယ်ဟာ လုံခြုံစိတ်ချရမှု မရှိတဲ့ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာအမူအယာတွေ ဖတ်ပြီး စိတ်ခံစားချက်ကို တိုင်းတာတဲ့ နည်းပညာကို အလုပ်ခန့်တာနဲ့ တရားခံစစ်ဆေးတာလိုမျိုး အရေးကြီး ဆုံးဖြတ်ချက်များကို အလိုအလျောက် သရုပ်ခွဲရာမှာ အသုံးပြုပါတယ်။

Photo: Gadgets NDTV


သိပ္ပံပညာဟာ နည်းပညာ အသုံးပြုမှုကို ထိန်းညှိခြင်း မရှိတာကြောင့် ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခံစားချက်ဖတ်ခြင်းဟာ ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ်အဖြစ် အရေးယူမှုလုပ်သင့်တယ်လို့ AI Now Institute က ပြောပါတယ်။ အခုချိန်ဟာ ဒီနည်းပညာအသုံးပြုမှု မတွင်ကျယ်အောင် ဟန့်တားနိုင်သေးတဲ့ အချိန်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြန်တမ်းဝင်အလုပ်ရှာသူတွေကို ကူညီဖို့ ၊ တရားခွင်မှာ လိမ်လည်ထွက်ဆိုမှုကို စမ်းသပ်ဖို့နဲ့ အာမခံကြေးထားရှိဖို့အတွက် စိတ်ခံစားမှု ဖတ်ရှုတဲ့ ဆော့ဖ်ဝဲလ်တွေ ရောင်းနေကြတယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သူတို့ရဲ့ ရသင့်တဲ့ အခွင့်အရေးတွေ အကျုံးဝင်တဲ့ အရေးကြီး အဆုံးအဖြတ်လိုမျိုးမှာ အခုလိုဆော့ဖ်ဝဲလ်တွေ အသုံးပြုတာကို ပိတ်ပင်သင့်တယ်လို့ AI Now Institute က သုတေသီတွေက ဆိုပါတယ်

Photo: Daily Mail


ပါမောက္ခတွေနဲ့ သုတေသနပညာရှင်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ HireVue အွန်လိုင်းအလုပ်အင်တာဗျူးဆော့ဖ်ဝဲလ်ကုမ္ပဏီကြောင့် ပြဿနာတက်ခဲ့တာကို နမူနာ ပြပါတယ်။ Hilton ဟိုတယ်လုပ်ငန်းစုနဲ့ Unilever လုပ်ငန်းစုကြီးတွေဟာ ဝန်ထမ်းခေါ်ရာမှာ HireVue ထုတ် ဆော့ဖ်ဝဲလ်တွေ အသုံးပြုပါတယ်။

HireVue ဆော့ဖ်ဝဲလ်ဟာ လူရဲ့ မျက်နှာအမူအယာ ၊ အသံအနေအထားနဲ့ ပြောတဲ့ ပုံစံတွေကို AI နဲ့ သရုပ်ခွဲပါတယ်။ အလုပ်လျှောက်သူရဲ့ အမူအယာ ၊ အပြောအဆိုနဲ့စကားလုံးရွေးချယ်မှုတွေ ပါဝင်တဲ့ သိန်းနဲ့ ချီတဲ့ အချက်အလက်တွေကို သရုပ်ခွဲပြီးတာနဲ့ HireVue ရဲ့ စနစ်ဟာ ဒီလူရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူ ၊ အလုပ်မှာ လေ့လာသင်ယူချင်တဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အမှတ်တွေ ပေးသွားတာပါ။

အလုပ်လျှောက်သူတွေအနေနဲ့ HireVue ကနေ သူတို့ကို ဘယ်နှစ်မှတ်ပေးတယ် ဆိုတာ မသိရဘဲ အလုပ်ခန့်မယ့် အလုပ်ရှင်ပဲ သိရတာ ဖြစ်ပါတယ်။ အလုပ်ရှင်ဘက်ကတော့ HireVue ရဲ့ scores တွေကြည့်ပြီး အလုပ်ခန့်မလား မခန့်ဘူးလားဆိုတာ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒီစနစ်ကို AI Now Institute ဟာ အရင်ကတည်းက ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Electronic Privacy Information Center (EPIC) လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ HireVue ကို အလုပ်လျှောက်သူတွေရဲ့ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ဖို့ မျက်နှာပြင်ဖတ်နည်းပညာသုံးရာမှာ မမျှတမှုတွေနဲ့ လှည့်ဖျားတဲ့ ကုန်သွယ်ရေးလုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး FCC (ဖက်ဒရယ်ကုန်သွယ်ရေး ကော်မရှင်) ကို စုံစမ်းစစ်ဆေးဖို့ လျှောက်ထားခဲ့ပါတယ်။

Photo: AI Trends



HireVue ရဲ့ သက်သေသက္ကာယမပြနိုင်တဲ့ လူမျက်နှာနဲ့ အသံတွေကို စကင်ဖတ်တဲ့ ဉာဏ်ရည်တုနည်းစနစ်ဟာ အမေရိကန်အလုပ်သမားတွေအတွက် အကြီးအကျယ်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေတယ်လို့ EPIC က တိုင်ကြားထားတာပါ။

" အလုပ်လျှောက်တဲ့သူ အများအပြားဟာ HireVue ရဲ့ နည်းပညာကြောင့် လက်ရှိ အလုပ်ခန့်အပ်မှုတွေမှာ ကြုံနေရတဲ့ ဘက်လိုက်မှုပြဿနာ မကြုံတော့တဲ့ အကျိုးကျေးဇူးရကြပါတယ်" လို့ HireVue ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ကင်ပါဝမ်းက Reuters သတင်းဌာနကို ပြောပါတယ်။

စိတ်ခံစားမှု ဖတ်ရှုခြင်းဟာ ဈေးကွက်တစ်ခု ဖြစ်လာနေပြီး Microsoft အပါအဝင် ကုမ္ပဏီတစ်ချို့ဟာ စိတ်ခံစားချက်တွေကို ဆော့ဖ်ဝဲလ်သုံးပြီး ခွဲခြားလေ့လာနိုင်တဲ့နည်းပညာ ရောင်းချမှု ရှိတယ်လို့ ဆိုပါတယ်။ Amazon ဟာလည်း Rekognition ဆော့ဖ်ဝဲလ်သုံးပြီး မျက်နှာအမူအယာပေါ်က ဖော်ပြချက်တွေကို သရုပ်ခွဲမှု လုပ်ထားတယ်လို့ AI Now က ထောက်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က