နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးအဆောင်တစ်ခုု ဖြစ်တဲ့ စမတ်ဖုန်းတွေဟာ အရွယ်ရောက်စ ကလေးများရဲ့ မှတ်ဉာဏ်ပိုင်းမှာ ဆိုးရွားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။
photo: cloudfront
Swiss အပူပိုင်းပြည်သူ့ကျန်းမာရေးအင်စတီကျူ Swiss TPH မှ သိပ္ပံပညာရှင်များဟာ စမတ်ဖုန်းလိုမျိုး ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများကနေ လွှင့်ထုတ်တဲ့ ရေဒီယိုကြိမ်နှုန်း လျှပ်စစ်သံလိုက်စက်ကွင်း RF-EMF နဲ့ကြီးကောင်ဝင်စ ကလေးများရဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည်အကြား ဆက်သွယ်ချက်ကို လေ့လာခဲ့ရာကနေ အခုလို ထုတ်ပြန်ခဲ့တာပါ။
စမတ်ဖုန်းကနေ လွှင့်တဲ့ RF-EMF လှိုင်းတွေ ၁ နှစ်ကျော် ထိတွေ့ခံထားရတဲ့ ကလေးတွေဟာ ကြီးကောင်ဝင်စအရွယ် မှတ်ဉာဏ်ဖွံ့ဖြိုးမှုပေါ် ဆိုးဝါးတဲ့ သက်ရောက်မှု ရှိခဲ့တယ်လို့ဒီသုတေသနမှာ ဖော်ပြထားပါတယ်။ ဒီသုတေသနဟာ အရင် ၂၀၁၅ တုန်းက တွေ့ထားခဲ့တဲ့ အချက်အလက်များအတွက် အတည်ပြုချက်လည်း ဖြစ်ခဲ့ပါတယ်။
ပုံဖော်နိုင်တဲ့ မှတ်ဉာဏ်ဟာ ဦးနောက်ရဲ့ ညာဘက်အခြမ်းမှာ ရှိထားပြီး ဖုန်းကို ခေါင်းရဲ့ ညာဘက်ပိုင်းမှာ ထားသုံးသူ ကလေးငယ်တွေမှာ RF-EMF ရောင်ခြည်သက်ရောက်မှု ပိုများပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး Swiss TPH မှ ပတ်ဝန်းကျင် ထိတွေ့မှုပိုင်း ဆိုင်ရာအကြီးအကဲ မာတင်ရော့စလီက အခုလို ပြောပါတယ်။
"ဒီလိုမျိုးဆိုရင် ဦးနှောက်က စုပ်ယူလိုက်တဲ့ RF-EMF ဟာ ပတ်ဝန်းကျင်ကို လေ့လာနိုင်တဲ့စနစ်နဲ့သွားဆိုင်မယ်လို့ယူဆရပါတယ်။" လို့ဆိုပါတယ်။ သို့သော်လည်း သူ့အနေနဲ့RF-EMF လှိုင်းဟာ လူ့ဦးနှောက် ဖြစ်စဉ်ကို ဘယ်လိုမျိုး သက်ရောက်တယ် ဆိုတာ မရှင်းလင်းသေးသလို ဒီရလဒ်တွေဟာလည်း ရေရှည်မှာ လက်ခံနိုင်စရာ ဖြစ်မဖြစ် မသေချာသေးဘူးလို့လည်း ရော့စလီက ပြောပါတယ်။
"ဖြစ်နိုင်တာက နားကြပ်တပ်ပြီး ဖြစ်စေ စပီကာဖွင့်ပြီး ဖြစ်စေ ဖုန်းခေါ်တာက ဦးနှောက်ပေါ် သက်ရောက်မှု နည်းမှာပါ။ အထူးသဖြင့် ကွန်ရက် အရည်အသွေး နိမ့်နေချိန်နဲ့ဖုန်းကို မိုင်ကုန် သုံးနေရင် နားကြပ်သုံးပြီး ဖုန်းခေါ်တာမျိုးတို့စပီကာနဲ့ဖုန်းပြောတာတို့လုပ်သင့်ပါတယ်" လို့လည်း သူက အကြံပြုပါတယ်။
photo: inform
သတင်းအချက်အလက် နဲ့ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ ထွန်းကားလာပြီးနောက်မှာ သုတေသီများဟာ RF-EMF နဲ့နေ့စဉ် ထိတွေ့နေရတဲ့ လူမှုဘဝမှာ ဘယ်လို ပြဿနာမျိုး ဖြစ်လာမလဲဆိုပြီး လေ့လာမှုများစွာ ရှိလာခဲ့ပါတယ်။ Swiss TPH လိုမျိုး ဦးနှောက်ဖွဲ့စည်းပုံအပေါ် ရေဒီယိုလှိုင်းများရဲ့ သက်ရောက်မှုနဲ့ပတ်သက်ပြီး လေ့လာမှုပေါင်းများစွာ ရှိထားပေမယ့် အခုချိန်ထိတော့ လေ့လာမှုရဲ့ အဖြေဟာ သဲကွဲမှု မရှိသေးပါဘူး။