ဘုတ်အဖွဲ့ဝင်သစ် ၃ ဦး ခန့်အပ်သွားမှာပါ

Alibaba ပူးတွဲတည်ထောင်သူ ဂျက်မားဟာ SoftBank Group ဘုတ်အဖွဲ့မှ နှုတ်ထွက်တော့မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Alibaba အမှုဆောင်ဥက္ကဌအဖြစ်ကနေ အနားယူခဲ့တဲ့ ဂျက်မားဟာ စီးပွားရေးထက် ပရဟိတဘက်ကို အာရုံစိုက်ဖို့ SoftBank ဘုတ်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ လာမယ့် ဇွန်လ ၂၅ ရက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ SoftBank ဟာ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ယိုရှီမိုတိုဂိုတိုအပါအဝင် ဘုတ်မှာ အဖွဲ့ဝင်သစ် ၃ ဦး အဆိုပြုသွားမယ်လို့ ဆိုပါတယ်။



Photo: Nikkei Asian Review


ဘုတ်အဖွဲ့ဝင်အရေအတွက်ကိုလည်း ၁၃ ဦးအထိ တိုးချဲ့သွားမှာပါ။ SoftBank ဟာ Walden International ငွေကြေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ် Cadence Design Systems ချပ်စ်ဒီဇိုင်းဆော့ဖ်ဝဲလ်လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ လစ်ဘူတန် နဲ့ ပြင်ပဒါရိုက်တာအဖြစ် Waseda Business School ပါမောက္ခ ယူကိုကာဝါမိုတို ကိုလည်း အဆိုပြုသွားဖို့ ရှိပါတယ်။

ပါမောက္ခကာဝါမိုတိုဟာ ဘုတ်အဖွဲ့ရဲ့ တစ်ဦးတည်းသော အမျိုးသမီး ဒါရိုက်တာလည်း ဖြစ်လာမှာပါ။ SoftBank မှာ ဘုတ်အဖွဲ့ဝင်ပိုမိုစုံစုံလင်လင် ဖြစ်ဖို့ အဖွဲ့အစည်းရဲ့ ရင်းနှီးမြှပ်နှံသူ Elliott Management ရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အခုလို ဘုတ်အဖွဲ့ဝင်သစ်တွေ ပြောင်းလဲဖို့ လုပ်ဆောင်လာတာပါ။ Elliott Management ဟာ ဒေါ်လာ ဘီလျံ ၁၀၀ တန် Vision Fund ရန်ပုံငွေအတွက် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ ဆပ်ကော်မတီသစ်ပါ ဖွဲ့စည်းဖို့ တောင်းဆိုထားပါတယ်။


Photo: The Jakata Post

SoftBank ဘုတ်အဖွဲ့မှ ဂျက်မား နှုတ်ထွက်မှု မလုပ်ခင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Uniqlo ရဲ့ မိခင်ကုမ္ပဏီ Fast Retailing ကို တည်ထောင်သူနဲ့ CEO တာဒါရှီယာနာအီဟာ ဖက်ရှင်စီးပွားရေးကို အာရုံစိုက်ဖို့ ဘုတ်အဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။ SoftBank ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ကုမ္ပဏီရဲ့ ရှယ်ယာ ယန်း ၂၅၀ ဘီလျံကျော်ဖိုး ပြန်ဝယ်ခဲ့ပြီး လာမယ့်နှစ် မတ်လမှာ ယန်းဘီလျံ ၅၀၀ (‌ဒေါ်လာ ၄.၇ ဘီလျံ) ဖိုးအထိ ပြန်ဝယ်ဖို့ စီစဉ်နေပါတယ်။

ဂျက်မားဟာ ၂၀၀၇ ခုနှစ်က SoftBank Group ဘုတ်အဖွဲ့အထဲ ရောက်လာခဲ့တာပါ။ SoftBank အဖွဲ့အစည်းဟာ Alibaba မှာ ရှယ်ယာ ၂၅% ခန့် ပိုင်ဆိုင်ထားပြီး COVID-19 ကပ်ဘေးကာလ စီးပွားရေးအားကောငး်လာစေဖို့ ဒေါ်လာ ၄၁ ဘီလျံ ရရှိရေးအစီအစဉ်အဖြစ် ဒီရှယ်ယာတွေထဲက ဒေါ်လာ ၁၄ ဘီလျံဖိုးကို ရောင်းချဖို့ ပြင်နေတယ်လို့လည်း မတ်လထဲမှာ သတင်းထွက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က