loading...

loading...

loading...

RR Auction ဟာ စတိဗ်ဂျော့စ်အမှတ်တရတွေကို မကြာခဏ လေလံတင်ပါတယ်
Nyein Min Wai

ဒီနေ့ခေတ်မှာ Floppy Disk တွေကို ဘယ်သူမှ မသုံးတော့ဘူး ဆိုပေမယ့် စတိဗ်ဂျော့စ် လက်မှတ်ထိုးထားတဲ့ Floppy Disk ကို ဝယ်မယ့်သူတွေ ရှိနေပါတယ်။

RR Auction လေလံရုံးမှာ ဒီ Floppy Disk ကို လေလံဆွဲမှု ရှိနေပြီး အမြင့်ဆုံး ဒေါ်လာ ၄၆၀၀ အထိ ပေးထားပြီး ဖြစ်တယ်လို့ The Next Web က ဖော်ပြထားပါတယ်။ လေလံပွဲမှာ တင်ထားတဲ့ စတိဗ်ဂျော့စ်လက်မှတ်ပါ Floppy Disk ဟာ Macintosh System Tools Version 6.0 ဖြစ်ပြီး မှင်နည်းနည်း စွန်းနေပေမယ့် အကောင်းအတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။


Photo: 9to5mac

လက်မှတ်ထိုးမှု လုပ်ခဲတဲ့ စတိဗ်ဂျော့စ်ရဲ့ လက်ရာ ဖြစ်လို့ အခုခေတ် မသုံးတော့တဲ့ ပစ္စည်းကို RR Auction က ဒေါ်လာ ၇၅၀၀ ( မြန်မာငွေ ၁၁၃ သိန်းကျော်) အထိ ရဖို့ မျှော်လင့်ထားပါတယ်။ Apple ရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ Mac OS ဆော့ဖ်ဝဲလ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို စတိဗ်ဂျော့စ်ရဲ့ လက်မှတ် ပါရှိခြင်းဟာ ကွန်ပျူတာသမိုင်းအတွက် ပြတိုက်တန်းဝင် အထိမ်းအမှတ်ပြယုဂ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

RR Auction ဟာ စတိဗ်ဂျော့စ်ရဲ့ လက်မှတ်တွေကို ဈေးကောင်းရအောင် လေလံတင်နိုင်တဲ့ ရုံးလည်း ဖြစ်ပါတယ်။ ၂၀၁၇ မတ်လထဲမှာ RR Auction ကပဲ ၁၉၉၂ ခုနှစ် NeXTWorld Expo ပွဲကာလက စတိဗ်ဂျော့စ်ရဲ့ လက်မှတ်ထိုးထားတဲ့ ပိုစတာတစ်ခုကို ၁၉၆၀၀ ဒေါ်လာ နဲ့လေလံတင်ရောင်းချနိုင်ခဲ့သလို ဒီ့အရင် ၄ နှစ်ကလည်း သက်တမ်း နှစ် ၄၀ ခန့်ရှိတဲ့ စတိဗ်ဂျော့စ်လက်မှတ်ပါ စာချုပ်တစ်စောင်ကို ဒေါ်လာ ၄၀၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။


Photo: businessinsider

၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက စတိဗ်ဂျော့စ်ရဲ့ ကာဗာဖိုတို နဲ့အတူ လက်မှတ်ရေးထိုးထားတဲ့ NewsWeek မဂ္ဂဇင်းကို လေလံတင်ခဲ့ရာမှာ ဒေါ်လာ ၅၀၀၀၀ ကျော် (မြန်မာငွေ သိန်း ၆၅၀ ကျော်) နဲ့အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဒီနှစ် စက်တင်ဘာလထဲမှာပဲ စတိဗ်ဂျော့စ် လက်မှတ်ပါ Toy Story ပိုစတာ ကို ဒေါ်လာ ၃၁၂၅၀ ( မြန်မာငွေ သိန်း ၄၇၀ ကျော်) နဲ့ လေလံအောင်သွားခဲ့ပါတယ်။

၁၉၇၃ ခုနှစ်က စာတစ်မျက်နှာစာပဲ ရှိတဲ့ စတိဗ်ဂျော့စ်ရဲ့ အလုပ်လျှောက်လွှာကို RR Auction ဟာ ၁၇၄၇၅၇ ဒေါ်လာ (မြန်မာငွေ သိန်း ၂၆၄၀ ကျော်) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။


loading...

က္က