ပြီးခဲ့တဲ့နှစ်က အဆင့် ၆ ရခဲ့တာပါ
Nyein Min Wai

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲ Cyber SEA Game 2019 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းက အဆင့် ၅ နေရာရရှိသွားတယ်လို့ သိရပါတယ်။

Cyber SEA Game 2019 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) မှာ ဆုရရှိခဲ့တဲ့ မောင်စိုင်းဖုန်းဆိုင်ကျောက် ၊ မောင်အောင်ခန့်မင်း ၊ မောင်သူရမိုးမြင့် နဲ့ မောင်ဟိန်းသန့်ဇင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုန့်ပြန်ရေးအဖွဲ့ MMCERT ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


Photo: MMCERT

ယခုနှစ် Cyber SEA Game 2019 မှာ ရမှတ် ၃၁၀၀ နဲ့ ထိုင်းအသင်းက ပထမဆု ရရှိခဲ့ပြီး ရမှတ် ၃၀၂၀ နဲ့ ဗီယက်နမ်အသင်းက ဒုတိယဆု ၊ ၂၇၇၀ မှတ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုအသင်းက တတိယရရှိခဲ့တာပါ။ မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ ဒီပြိုင်ပွဲမှာ ရမှတ် ၂၁၇၀ မှတ်နဲ့ ပဉ္စမနေရာက ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့နှစ် Cyber SEA Game ပြိုင်ပွဲမှာ အဆင့် ၆ ရရှိခဲ့ပါတယ်။

Cyber SEA Game ပြိုင်ပွဲမှာ အာဆီယံ ၁၀ နိုင်ငံက လက်ရွေးစင် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပြီး Jeopardy CTF ပုံစံနဲ့ သတ်မှတ်ထားတဲ့ အချိန် ၈ နာရီအတွင်း ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ Binary Exploitation၊ Web Security၊ Reverse Engineering၊ Cryptography နှင့် Forensics ပိုင်းများ ဖြေဆိုရတာပါ။

MMCERT ရဲ့ ထုတ်ပြန်ချက်အရ မြန်မာကိုယ်စားပြု Team 0xpwn ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများမှ ပြိုင်ပွဲဝင် ၃၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Singapore Cyber Conquest မှာ အဆင့် ၅ ရရှိခဲ့ပြီး နိုင်ငံလိုက် အဆင့် ၂ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


Author


က္က