developer ၄ ဦးရဲ့ app တွေ ဖယ်ရှားခဲ့ပါတယ်

Apple ဟာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ ပြန့်နှံ့မှု ကာကွယ်ဖို့ ကြိုးပမ်းချက်တစ်ခု လုပ်ဆောင်ထားပါတယ်။

CNBC သတင်းအရ Apple ဟာ အစိုးရနဲ့ ဆေးရုံတွေလိုမျိုး တရားဝင် အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတွေက မဟုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အက်ပလီကေးရှင်းတွေကို ဖြုတ်ချ‌နေတယ်လို့ ဆိုပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ app Developers လေးဦး ရေးဆွဲထားတဲ့ app တွေကို Apple က ဖြုတ်ချခဲ့တာပါ။

Photo: Apple Insider


ဒီ developers လေးဦးဟာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေရဲ့ အခြေအနေကို ဖော်ပြနေတဲ့ app တွေ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ app တွေထဲက တစ်ချို့ဟာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ တိုက်ရိုက်အခြေအနေကို သိရဖို့ WHO လိုမျိုး စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက public data တွေ သုံးထားတယ်လို့ ဆိုပါတယ်။

Apple နဲ့ ဆက်သွယ်ခဲ့တဲ့ developer ကိုတော့ Apple ဟာ တရားဝင် ကျန်းမာရေးအဖွဲ့အစည်တွေနဲ့ အစိုးရဌာနတွေက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေပဲ ဖြစ်ရမယ်လို့ သတ်မှတ်ထားတာကြောင့်လို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဟာ ဖုန်းနဲ့ ဖြေကြားပါတယ်။ အလားတူ app မျိုး ရေးခဲ့တဲ့ developer တစ်ဦးကိုလည်း app မှာ ပါတဲ့ ဆေးပညာအချက်အလက်တွေဟာ တရားဝင် အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုခုမှာ တင်သွင်းပြီး ဖြစ်ရမယ်လို့ ညွှန်ကြားထားပါတယ်။

Photo: 9to5mac


Apple ဟာ သတင်းအချက်အလက် အမှားများ ပြန့်နှံ့မှုကနေ ကာကွယ်ဖို့ ကိုရိုနာဗိုင်းရပ်စ် app တွေကို စိစစ်ပယ်ဖျက်မှု လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအချက်အလက်တွေရဲ့ အရင်းအမြစ်တွေ ရယူမှု လမ်းကြောင်း နဲ့ ယုံကြည်ရတဲ့ အချက်အလက် ဖြစ်ဖို့ တရားဝင်အဖွဲ့အစည်းတွေကို ကိုယ်စားပြုမပြုဆိုတာလည်း ကြည့်ရှုစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

App Store ပေါ်မှာ COVID-19 နဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရှာဖွေမယ်ဆိုရင် အနည်းငယ်ပဲ တွေ့ရမှာ ဖြစ်ပြီး ဒီထဲမှာ WHO ကျန်းမာရေးအဖွဲ့အစည်းရဲ့ အချက်အလက်တွေကို သုံးထားတဲ့ Healthlynked ရဲ့ COVID-19‌ virus tracker ၊ Unbound Medicine Inc ရဲ့ Relief Central တို့လည်း ပါဝင်နေပါတယ်။



က္က