၂၀၁၉ ဧပြီလမှာ 5G စီးပွားဖြစ် မိတ်ဆက်ခဲ့ပါတယ်

5G ကွန်ရက်များ စီးပွားဖြစ် မိတ်ဆက်ပြီး ၁၀ လခန့်အကြာမှာ နိုင်ငံအတွင်း 5G မိုဘိုင်းကွန်ရက် သုံးစွဲသူဦးရေဟာ ၅ သန်းကျော်လာပြီလို့ တောင်ကိုရီးယားအစိုးရအချက်အလက်များက ဆိုပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းအထိ 5G ကြိုးမဲ့ကွန်ရက်ချိတ်ဆက်သူဦးရေဟာ ၅.၃၆ သန်း အထိ ရှိလာပြီ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နိုင်ငံရဲ့ သိပ္ပံနဲ့ သတင်းအချက်အလက်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ZDNet သတင်းအရ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ 5G စာရင်းသွင်းထားသူဦးရေ ၄.၉၅ သန်းကနေ ၈.၁% တိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: GSMArena

တောင်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၃ ရက်နေ့က 5G ဝန်ဆောင်မှုတွေ တရားဝင် စတင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ 5G ဝန်ဆောင်မှု တရားဝင်ခွင့်ပြုပြီးနောက် ပြည်တွင်းတယ်လီကွန်း Carriers ၃ ခုဖြစ်တဲ့ SK Telecom Co ၊ KT Corp နဲ့ LG Uplus Corp တို့ဟာ ပရီမီယံစမတ်ဖုန်းတွေအတွက် စီးပွားဖြစ် 5G ကွန်ရက်အသုံးပြုနိုင်ရေးအတွက် အပြိုင်အဆိုင် ဈေးကွက်မြှင့်တင်မှု လုပ်လာပါတယ်။

ပြီးခဲ့တဲ့နှစ်အထိ တောင်ကိုရီးယားနိုင်ငံမှာ 5G subscriber လုပ်သူဦးရေဟာ ၄ သန်းဝန်းကျင် ရှိပေမယ့် 5G ဖုန်းသစ် မထွက်သေးခြင်း နဲ့ ကွန်ရက်အရည်အသွေးနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ ရှိခြင်းကြောင့် 5G စာရင်းပေးသူဦးရေသစ် တိုးပွားမှု နည်းခဲ့တာပါ။ ဖေဖော်ဝါရီလအတွင်း 5G subscribe လုပ်သူ တက်လာခြင်းဟာ Samsung ရဲ့ 5G ဖုန်းသစ်တွေ ဖြစ်တဲ့ Galaxy S20 စီးရီး စမတ်ဖုန်းများ ကြိုတင်အော်ဒါမှာယူမှုက အဓိကကျတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။

တောင်ကိုရီးယား တယ်လီကွန်း ၃ ခုဟာ ပြီးခဲ့တဲ့နှစ်အတွင်း 5G အခြေခံအဆောက်အဦပိုင်းအတွက် စုစုပေါင်း ကိုရီးယားဝမ် ၈.၇၈ ထရီလီယံ ရင်းနှီးမြှပ်နှံထားပါတယ်။ ဒီနှစ် ပထမ ၆ လအတွက်လည်း ဝမ် ၂.၇ ထရီလီယံ ရင်းနှီးမြှပ်နှံဖို့ ကနဦးပိုင်းက သတ်မှတ်ထားပေမယ့် ဒီတစ်ပတ် အင်္ဂါနေ့မှာတော့ နိုင်ငံ့မြို့တော်ဖြစ်တဲ့ ဆိုးလ်ပြင်ပ ဒေသနဲ့ နယ်မြေတွေပါ ကွန်ရက်လွှမ်းခြုံမှုရှိစေဖို့ ဝမ် ၄ ထရီလီယံအထိ တိုးချဲ့ မြှပ်နှံသွားမယ်လို့ တောင်ကိုရီးယားအစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။

Photo: ZDNet


လက်ရှိအချိန် ဈေးအချိုဆုံး 5G Data Plan ဟာ လစဉ် ဝမ် ၅၅၀၀၀ (မြန်မာငွေ ၆ သာင်း ၂ ‌ထောင်ခန့်) ကျသင့်နေပြီး အစိုးရဘက်မှ တယ်လီကွန်းများ ပိုမိုဈေးသက်သာတဲ့ 5G Data Plan မိတ်ဆက်ဖို့ တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားဟာ လက်ရှိမှာ 5G အတွက် 2680MHz ခွဲဝေထားပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ နောက်ထပ် 2640MHz ခွဲပေးသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က