Ant Group ကလည်း Wave Money မှာ မြှပ်နှံမှု လုပ်ထားပါတယ်
Nyein Min Wai

Yoma Strategic Holdings ဟာ Telenor Group ပိုင် Wave Money မှ ရှယ်ယာ ၅၁% ကို ဒေါ်လာ ၇၆.၅ သန်းနဲ့ ဝယ်သွားမယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Wave Money ကို Telenor မှ ၅၁% ၊ Yoma Strategic Investments Ltd(YSIL) မှ ၃၄% ၊ First Myanmar Investment (FMI) မှ ၁၀% နဲ့ Yoma Bank မှ ၅% ပိုင်ဆိုင်ထားတာပါ။ Yoma Strategic ဟာ ၂၀၁၈ မတ်လထဲမှာ Wave Money လုပ်ငန်းအစုစုတန်ဖိုး ဒေါ်လာ ၅၇ သန်းထားပြီး ရှယ်ယာ ၃၄% ဝယ်ခဲ့တာ ဖြစ်ပါတယ်။ 


Photo: Mobile Money Asia

  ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ YSIL ဟာ FMI ရဲ့ Wave Money ရှယ်ယာ ၁၀% ကို ဝယ်ယူဖို့ သဘောတူညီချက် ရထားခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ FMI ရဲ့ Wave Money ရှယ်ယာကို ဝယ်ပြီးသွားရင်တော့ YSIL ဟာ Wave Money မှာ ရှယ်ယာ ၄၄% ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

Wave Money လုပ်ငန်းဟာ ပြီးခဲ့တဲ့ မေလကပဲ Ant Financial လုပ်ငန်းစုဆီမှ ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြှပ်နှံမှု ရထားခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံမှု လုပ်ပြီးနောက် Ant Group ဟာ လက်ရှိ ရှယ်ယာရှင်များ ဖြစ်တဲ့ YSIL ၊ Yoma Bank နဲ့ Telenor တို့နဲ့အတူ အရေးပါတဲ့ အနည်းစုရှယ်ယာရှင် ဖြစ်လာပါတယ်။ 

Telenor ပိုင် ရှယ်ယာတွေကို ဝယ်ယူပြီးတာနဲ့ Wave Money ဟာ Yoma Strategic ရဲ့ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်လာမှာပါ။ Yoma Strategic ဟာ Wave Money ရှယ်ယာဝယ်ယူများ လုပ်ဆောင်ဖို့ Yoma MFS Holdings နာမည်နဲ့ ကုမ္ပဏီသစ်တစ်ခုလည်း တည်ထောင်သွားမှာ ဖြစ်ပြီး အရောင်းအဝယ်ပြီးပြတ်ချိန်မှာ ကုမ္ပဏီအနေနဲ့ နောက်ထပ် ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။


Photo: Nikkei Asian Review

“Telenor Group အတွက် အခုချိန်က ရင်းနှီးမြှပ်နှံမှု ပြန်ထုတ်ရဖို့ အချိန်အခါကောင်းပါပဲ။ Yoma Group နဲ့ Ant Group တို့ရဲ့ ပင်မလုပ်ဆောင်ချက်တွေက ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ နည်းပညာပိုင်း ဖြစ်ပြီး ရှေ့မှာလည်း Wave Money ရဲ့ အားအကောင်းဆုံး ပိုင်ရှင်တွေ ဖြစ်လာမှာပါ ”လို့ Telenor Group ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုအကြီးအကဲ လားစ်အဲရစ်ခ်တဲလ်မင်းက ပြောပါတယ်။ 

Wave Money ဟာ ပြည်တွင်းရဲ့ အကြီးဆုံး မိုဘိုင်းငွေလွှဲလုပ်ငန်းတစ်ခု ဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ၈၉% ကို မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ Wave Money မိုဘိုင်းအေးဂျင့်ဆိုင်ပေါင်း ၅၇၀၀၀ ခန့် ရှိပြီး ၂၀၁၉ တစ်နှစ်တာအတွင်း Wave Money ပလက်ဖောင်းပေါ်ကနေ ငွေလွှဲပြောင်းမှုပမာဏဟာ ကျပ်ငွေ ၆.၄ ထရီလီယံ (ဒေါ်လာ ၄.၁ ဘီလျံ) ရှိခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က