နိုင်ငံ့လုံခြုံရေးအရ စိုးရိမ်နေကြပါတယ်
Nyein Min Wai

ဘေဂျင်းအခြေစိုက် ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ TikTok ကုမ္ပဏီဟာ အမေရိကန်လူမှုကွန်ရက် မီဒီယာ app ဖြစ်တဲ့ Musical.ly ဝယ်ယူမှုကြောင့် စုံစမ်းစစ်ဆေးခံထားရပါတယ်။

TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ဟာ ၂၀၁၇ ခုနှစ်က Musical.ly ကို ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ခဲ့တာပါ။ နှစ်နှစ်ကြာပြီ ဖြစ်ပေမယ့် အမေရိကန်အစိုးရပိုင်းက ဒီအရောင်းအဝယ်ကို အမျိုးသားလုံခြုံရေး သုံးသပ်မှုတစ်ခုအနေနဲ့ စုံစမ်းထားတာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။

Photo: Channel3000


သုံးစွဲသူတွေရဲ့ အချက်အလက် သိမ်းဆည်းမှုအကြောင်း မေးခွန်းတွေ ရှိလာခဲ့သလို နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်မယ့်အကြောင်းအရာတွေကို ဖြတ်တောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်ဥပဒေပြုအမတ်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း TikTok ရဲ့ ဒီဝယ်ယူမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုလာတာပါ။


TikTok ဟာ အမေရိကန်ဆယ်ကျော်သက် လူငယ်တွေအကြား တဟုန်းထိုးရေပန်းစားလာတဲ့ ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်ပြီး TikTok ကို လစဉ် အသုံးပြုနေတဲ့ သုံးစွဲသူ ၂၆.၅ သန်းထဲက ၆၀ % ခန့်ဟာ အမေရိကန်ပြည်ထောင်စုက အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား လူငယ်တွေ ဖြစ်တယ်လို့ ၂၀၁၉ နှစ်ဆန်းပိုင်းက ထုတ်ပြန်တဲ့ TikTok ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Reuters ကနေ ရထားတဲ့ အမည်မဖော်ထားတဲ့ သတင်းအရင်းအမြစ်တွေအရ ByteDance ဟာ Musical.ly ကို ဝယ်ယူရာမှာ အရှုပ်အရှင်းတွေ ရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။ နိုင်ငံခြားကုမ္ပဏီနဲ့ အမေရိကန်ပြည်တွင်းကုမ္ပဏီတို့ အရောင်းအဝယ်ကို အမေရိကန် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကော်မတီ CFIUS က အရင်ဆုံး စိစစ်ရတာပါ။


Photo: Ad Age


ကော်မတီအနေနဲ့အခုလို နောက်ကြောင်းပြန် စုံစမ်းမှု လုပ်မယ်လို့ကြေညာရခြင်းဟာ အရောင်းအဝယ် စပြီး သဘောတူလက်မှတ်ထိုးတဲ့အချိန်က စိစစ်မှု မလုပ်ခဲ့ရတာကြောင့်လို့ ဆိုပါတယ်။ TikTok ကတော့ ရှေ့ဆက်သွားမယ့်ဥပဒေကြောင်းကိစ္စကို မှတ်ချက်ပြုခြင်း မရှိပေမယ့် အမေရိကန်သုံးစွဲသူတွေနဲ့ ဥပဒေပြုအမတ်တွေရဲ့ ယုံကြည်မှုရဖို့ ဦးစားပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

TikTok ကို အမေရိကန်နိုင်ငံမှာ ဒေါင်းလုပ်ဆွဲမှုပေါင်း အကြိမ်ရေ သန်း ၁၁၀ ကျော်ရှိထားပြီး ဒီ app ကို လူကြိုက်များခြင်းဟာ အမေရိကန်အစိုးရအတွက် အမျိုးသားလုံခြုံရေးအရ စိုးရိမ်စရာဖြစ်နေပါတယ်။


က္က