စက်တင်ဘာ ၂၀ ရက်နေ့ ကစပြီး ပိတ်ပင်သွားမှာပါ

လူမှုကွန်ရက် app ဖြစ်တဲ့ TikTok နဲ့ WeChat တို့ကို ၄၅ ရက်အတွင်း အမေရိကန်မှာ ပိတ်ပင်မယ့် ညွှန်ကြားချက်တစ်ခုကို သမ္မတဒေါ်နယ်ထရမ့်မှ ထုတ်ပြန်လိုက်ပါတယ်။

ဒီလူမှုကွန်ရက်ဝန်ဆောင်မှုတွေကို ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံမှ မိခင်ကုမ္ပဏီတွေအနေနဲ့ ရောင်းချခြင်း မပြုဘူးဆိုရင် အမေရိကန်မှာ စီးပွားရေးလုပ်ကိုင်မှုကို ၄၅ ရက်အတွင်း ပိတ်ပင်မှာ ဖြစ်တယ်လို့ CNN သတင်းက ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဆီးနိတ်အဖွဲ့ဟာလည်း အစိုးရထုတ်ကုန်တွေမှာ TikTok ကို ပိတ်ပင်ဖို့ မဲပေးထားပါတယ်။



Photo: TechWeez

"တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီတွေ ပိုင်ဆိုင်ရေးဆွဲထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းများ အမေရိကန်မှာ ပျံ့နှံ့မှုဟာ နိုင်ငံ့ရဲ့ လုံခြုံရေး ၊ နိုင်ငံခြားရေးမူဝါဒနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို ဆက်လက်ခြိမ်းခြောက်နေပါတယ်။" လို့ ညွှန်ကြားချက် အမိန့်မှာ ဖော်ပြထားပါတယ်။ ညွှန်ကြားချက်မှာပဲ TikTok လို မိုဘိုင်းအက်ပလီကေးရှင်းကြောင့် ဖြစ်လာတဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ လုပ်ရမယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ Microsoft ဟာ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး TikTok ကို ဝယ်ယူမယ့် ကိစ္စကို ပြီးပြတ်အောင် စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။ အရောင်းအဝယ်သဘောတူ သွားမယ်ဆိုရင် Microsoft ဟာ အမေရိကန် ၊ ကနေဒါ ၊ နယူးဇီလန်နဲ့ ဩစတြေးလျတို့မှာ TikTok နဲ့ လုပ်ငန်းလည်ပတ်သွားနိုင်မှာပါ။

သမ္မတထရမ့်ရဲ့ အမိန့်ဟာ Microsoft ရဲ့TikTok ကို ဝယ်ယူမှု ပြီးပြတ်ပြီးနောက်မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။ ထရမ့်ဟာ WeChat နဲ့ မိခင်ကုမ္ပဏီ Tencent ကိုလည်း အလားတူ ပိတ်ပင်ဖို့ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ WeChat ဟာ တရုတ်နိုင်ငံသားတွေပဲ အသုံးပြုတဲ့ ဆက်သွယ်ရေး app တစ်ခု ဖြစ်ပြီး အမေရိကန်မှာ ဘာအတွက် ပိတ်ပင်တာလဲဆိုတာတော့ မသိရပါဘူး။

Photo: Dateway

Tencent ဟာ WeChat စာပို့ဝန်ဆောင်မှုအပြင် ဂိမ်းလောကမှာလည်း အင်အားကြီး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ Tencent ဟာ Riot Games ကို ပိုင်ဆိုင်ထားပြီး League of Legends ကိုလည်း ရေးဆွဲထားသလို Fortnite ရေးဆွဲတဲ့ Epic Games မှာလည်း ရှယ်ယာအမြောက်အများ ပိုင်ဆိုင်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အိန္ဒိယအစိုးရဟာ TikTok နဲ့ WeChat အပါအဝင် တရုတ်လူမှုကွန်ရက်အက်ပလီကေးရှင်းပေါင်း ၅၉ ခုကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။ တရုတ်လူမှုကွန်ရက်ဝန်ဆောင်မှုတွေကို ပိတ်ပင်ရတဲ့ အကြောင်းရင်းကတော့ သုံးစွဲသူအချက်အလက် ရယူမှုကနေ အမျိုးသားလုံခြုံရေးစိုးရိမ်မှုကြောင့်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က