သုံးစွဲသူတွေကို တည်နေရာအခြေခံပြီး ပိတ်သွားမှာပါ

တရုတ်အစိုးရရဲ့ တောင်းဆိုမှုကြောင့် Zoom ဟာ ဟောင်ကောင်နဲ့ အမေရိကန်အခြေစိုက် အကောင့် ၃ ခုကို ယာယီပိတ်ခဲ့ပြီးနောက် ပထဝီတည်နေရာအလိုက် သုံးစွဲသူတွေကို ပိတ်နိုင်မယ့် feature သစ်များ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Zoom ဟာ ဇွန်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ တီအန်မန်ရင်ပြင်သွေးစွန်းခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပတဲ့ ဆန္ဒပြသူတွေရဲ့ အကောင့်တွေကို ယာယီဖြုတ်ချခဲ့ပြီးနောက် အကောင့်တွေ ပိတ်သိမ်းမှုအပေါ် ဝေဖန်ခံနေရတာပါ။ တရုတ်ပြည်မှ တက်ကြွလှုပ်ရှားသူများအပါအဝင် လူပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့တဲ့ တီအန်မန်ရင်ပြင်ဖြိုခွဲမှု အမှတ်တရအဖြစ် ကျင်းပတဲ့ Zoom ပေါ်က တွေ့ဆုံပွဲအပြီးမှာ အမေရိကန်အခြေစိုက် Humanitarian China Group အ‌ကောင့် အပိတ်ခံရတယ်လို့ ဆိုပါတယ်။ 



Photo: Barron's



The Verge သတင်းအရ Zoom ဟာ အပိတ်ခံရတဲ့ အကောင့်တွေကို ပြန်ဖွင့်ခဲ့ပြီးနောက် ပထဝီဒေသအလိုက် အကောင့်တွေကို ပစ်မှတ်ထား ပိတ်ပင်သွားမယ့် tools တွေ ရေးဆွဲနေတယ်လို့ ဆိုပါတယ်။ 

"နောက်လာမယ့် ရက်တွေမှာ ပါဝင်သူတွေကို တည်နေရာပထဝီ လိုက်ပြီး ဖယ်ရှားပိတ်ပင်နိုင်မယ့် နည်းပညာရေးဆွဲနေပါတယ်" လို့ Zoom ရဲ့ ဘလော့ဂ်မှာ ရေးထားပါတယ်။ ဒီ feature ကို ရေးဆွဲရတဲ့ ရည်ရွယ်ချက်ဟာ ဒေသအာဏာပိုင်တွေအနေနဲ့ ယင်းတို့ရဲ့ နယ်နိမိတ်အတွင်း Zoom ပလက်ဖောင်းပေါ်က လှုပ်ရှားမှုတွေကို တရားမဝင်ကြောင်း ဆုံးဖြတ်ပြီး ပိတ်ပင်ဖို့ ညွှန်ကြားချိန်မှာ လိုက်နာနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Zoom အစည်းအဝေးတွေမှာ တည်နေရာအလိုက် ပါဝင်သူတွေကို ပိတ်နိုင်ပေမယ့်လည်း အစည်းအဝေးတစ်ခုလုံးကို ဖြုတ်ချမှာ မဟုတ်ဘူးလို့ Zoom က ပြောပါတယ်။ ဒီ feature မှာ တရုတ်နိုင်ငံသားတွေ မပါတဲ့ တရုတ်ပြင်ပက Meetings တွေကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ "ရှေ့ဆက်ပြီးတော့ တရုတ်ပြည်မကြီး အပြင်က ဘယ်သူ့ကိုမဆို သက်ရောက်မှု ရှိမယ့် တရုတ်အစိုးရရဲ့ တောင်းဆိုချက်တွေကို Zoom အနေနဲ့ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး" လို့ ဘလော့ဂ်မှာ ဆိုပါတယ်။


Photo: NPR


Zoom ဟာ နိုင်ငံပေါင်း ၈၀ ကျော်မှာ လုပ်ငန်းလည်ပတ်နေပြီး ဆက်လက်လည်း တိုးချဲ့သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ဈေးကွက်တိုးချဲ့ရာမှာ ဒေသဆိုင်ရာဥပဒေတွေနဲ့အညီဖြစ်ဖို့လည်း ကြိုးပမ်းသွားမယ်လို့ဆိုထားပါတယ်။ COVID-19 ကာလအတွင်း အွန်လိုင်းရုပ်သံအစည်းအဝေးပလက်ဖောင်းဖြစ်တဲ့ Zoom ကို သုံးစွဲမှုနဲ့ ဝင်ငွေပမာဏဟာ ထိုးတက်လာခဲ့ပါတယ်။

ဧပြီလတစ်လအတွင်း Zoom ကို နေ့စဉ် ချိတ်ဆက်အသုံးပြုသူဦးရေဟာ သန်း ၃၀၀ ကျော် ရှိခဲ့ပြီး ဇန်နဝါရီ - မတ် ပထမသုံးလပတ် ဝင်ငွေအဖြစ် စုစုပေါင်း ဒေါ်လာ ၃၂၈.၂ သန်းကျော် ဝင်ခဲ့ပြီး ၂၀၁၉ ကာလတူထက် ၁၆၉% ကျော် မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က