လိုက်နာရမယ့် မူကြမ်းအမိန့်စာကို ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်
Nyein Min Wai

ပြည်တွင်းမီဒီယာလုပ်ငန်းတွေကို ကြော်ငြာဝင်ငွေ ခွဲဝေပေးဖို့ Google နဲ့ Facebook တို့ကို ဖိအားပေးမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတစ်ရပ် ပြင်ဆင်နေတယ်လို့ ဩစတြေးလျဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဩစတြေးလျနိုင်ငံဟာ ဒီဂျစ်တယ်ပလက်ဖောင်းများကို ၎င်းတို့ အသုံးပြုနေတဲ့ သတင်းအကြောင်းအရာအတွက် အခ‌ကြေး‌‌ငွေတောင်းခံတဲ့ ပထမဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ABC News အရ ပြည်တွင်းသတင်းဌာနတွေရဲ့ သတင်းကို သုံးစွဲနေတဲ့ Facebook နဲ့ Google တို့ကို ငွေပေးဖို့ ဖိအားပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတစ်ခု ဖန်တီးဖို့ ဈေးကွက်ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့အစည်းတစ်ခုကို ဘဏ္ဍာရေးဝန်ကြီး ဂျို့ရှ်ဖရိုင်ဒင်ဘာ့ဂ်မှ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

Photo: The Globe and Mail


ဩစတြေးလျ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ စားသုံးသူရေးရာ ကော်မရှင် ACCC ဟာ ပြည်တွင်းမီဒီယာကုမ္ပဏီများနဲ့ Facebook နဲ့ Google တို့အကြား အသုံးပြုကြေးငွေညှိပေးလို့ မရတဲ့နောက် မဖြစ်မနေ လိုက်နာရန် အမိန့်ထုတ်ဖို့ စီစဉ်တဲ့ အထိ ဖြစ်လာတာပါ။ Facebook နဲ့ Google တို့ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေ အများစု အသုံးပြုနေပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းကနေ ဝင်ငွေအမြောက်အများ ရရှိနေတာ ဖြစ်ပါတယ်။ 

" content တွေအတွက် ငွေပေးချေမှုနဲ့ ပတ်သက်တဲ့ အခြေခံပြဿနာဖြေရှင်းဖို့ လုပ်ရာမှာ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှု မတွေ့ရပါဘူး" လို့ ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။ သတင်းဌာနတွေဖန်တီးထားတဲ့ သတင်းအကြောင်းအရာအတွက် ငွေပေးချေဖို့ Google နဲ့ Facabook တို့ကို ညွှန်ကြားမယ့် ဥပဒေလုပ်ထုံးမူကြမ်းဟာ ဇူလိုင်လကုန်ပိုင်းမှာ ထွက်လာဖို့လည်း ရှိပါတယ်။

Facebook နဲ့ Google တို့ကတော့ သတင်းတွေအတွက် ငွေပေးချေဖို့ ငြင်းဆန်ထားပြီး သူတို့ဟာ ဒီသတင်းအကြောင်းအရာတွေကို Link ပြန်ညွှန်းပေးတာပဲ ဖြစ်တယ်လို့ Engadget ကို ပြောထားပါတယ်။ ပြင်သစ်နိုင်ငံကတော့ သတင်းဆောင်းပါးပါ အကြောင်းအရာအနည်းငယ်ဖြစ်စေ ဖော်ပြမှုအတွက် အင်တာနက်ကုမ္ပဏီတွေဟာ ငွေပေးချေရမယ်လို့ အမိန့်ချထားပါတယ်။

Photo: The New York Times

" အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ဟာ content စီစဉ်ချထားမှု ၊ မိတ်ဘက်ပြု ပူးပေါင်းမှု နဲ့ သတင်းပိုင်း လေ့ကျင့်ရေးတွေကနေ ဩစတြေးလျသတင်းဌာနတွေကို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံထားတာပါ" လို့ Facebook ရဲ့ ဩစတြေးလျနဲ့ နယူးဇီလန် စီမံခန့်ခွဲမှု ဒါရိုက်တာ ဝီလ်အိစ်တန်က အီးမေးလ်နဲ့ သတင်းထုတ်ပြန်မှုမှာ ပြောထားပါတယ်။

ဩစတြေးလျအွန်လိုင်းကြော်ငြာဈေးကွက်ဟာ တစ်နှစ်ကို ဩစတြေးလျဒေါ်လာ ၉ ဘီလျံ (ကန်ဒေါ်လာ ၅.၇၂ ဘီလျံ) တန်ဖိုးရှိတဲ့ ဈေးကွက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကထက် ၈ ဆပိုတိုးတက်လာတာ ဖြစ်တယ်လို့လည်း နိုင်ငံ့ဘဏ္ဍာရေးဝန်ကြီးကဆိုပါတယ်။ သတင်းစာ ၊ မဂ္ဂဇင်းနဲ့ ဝက်ဘ်ဆိုက်ပေါ်က ကြော်ငြာတိုလေး‌တွေ မပါဘဲ ဩစတြေးလျ အွန်လိုင်းကြော်ငြာဈေးကွက်မှာ ဩစတြေးလျဒေါ်လာ ၁၀၀ သုံးတိုင်းမှာ Google နဲ့ Facebook ဆီကို သုံးပုံတစ်ပုံနီးပါး ရောက်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က