မက်ဆေ့ချ်တွေပါ ဝင်ဖျက်ခွင့် ပေးခဲ့တာပါ

Facebook ကတော့ သူ့ပလက်ဖောင်းပေါ် ရောက်လာတဲ့ နည်းပညာကုမ္ပဏီကြီးတွေကို အထူးအခွင့်အရေးအဖြစ် လူမှုကွန်ရက်သုံးသူတွေရဲ့ chat box က ပြောသမျှကို စိတ်ကြိုက် ကိုင်တွယ်ခွင့် ပေးခဲ့တယ်လို့ဝန်ခံလိုက်ပါပြီ။

Photo: CNBC

         Facebook ဟာ Netflix ၊ Amazon ၊ Microsoft နဲ့Spotify အပါအဝင် Facebook နဲ့ချိတ်ဆက်ထားတဲ့ third party ကုမ္ပဏီတွေကို လူမှုကွန်ရက်သုံးသူတွေရဲ့ private message များ ဝင်ဖတ်ခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ Times မဂ္ဂဇင်းကတော့ Spotify ၊ Netflix နဲ့Royal Bank of Canada တို့ဟာ အဲဒီလို အတွင်းရေး မက်ဆေ့ချ်တွေကို ဖတ်နိုင် ၊ ဝင်ရေးနိုင်သလို မကြိုက်ရင် ဖျက်ခွင့်ပါ ရထားတယ်လို့ဖော်ပြထားပါတယ်။

         Facebook ရဲ့ ကုမ္ပဏီအတွင်း အထောက်အထားတွေအရ Spotify ဟာ တစ်လကို Facebook သုံးစွဲသူ သန်း ၇၀ ကျော်ရဲ့ မက်ဆေ့ချ်တွေကို တွေ့နေမြင်နေရတယ်လို့ဆိုပါတယ်။ Spotify နဲ့Netflix တို့ကတော့ သူတို့မှာ ဒီလို အခွင့်အရေးတွေ ရထားတယ်ဆိုတာကို မသိဘူးလို့Times ကို ပြောထားပါတယ်။ Facebook အနေနဲ့ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်တွေကို thrid party ကုမ္ပဏီဆီ ဖတ်ခွင့်ပေးထားပေမယ့် ဒီကနေ တလွဲအသုံးချတာမျိုး မတွေ့ရဘူးလို့ဆိုပါတယ်။

         "ကျွန်တော်တို့ရဲ့ ပါတနာကုမ္ပဏီတွေကို (လူမှုကွန်ရက်သုံးသူတွေရဲ့) မက်ဆေ့ချ်တွေ ဝင်ဖတ်ခွင့်ပေးတာ ဟုတ်ပါတယ်။ ဒါပေမယ့် လူတွေကိုလည်း အဲဒီပါတနာရဲ့ မက်ဆေ့ချ် feature ကို သုံးဖို့Facebook ကို အရင်ဆုံး sign in လုပ်ရတယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောထားပြီးသားပါ။"လို့Facebook က သတင်းထုတ်ပြန်ပါတယ်။

         Facebook ဟာ Spotify ကို ဥပမာပေးပြီး ဒီ app ကို Facebook အကောင့်တစ်ခုဟာ sign in ဝင်ပြီးတာနဲ့ဒီ app ထဲကနေ မထွက်ဘဲ မက်ဆေ့ချ်တွေကို ပေးနိုင် ယူနိုင်တဲ့ API စနစ် သုံးတယ်လို့ဆိုပါတယ်။ Business Insider ကို Netflix က တာဝန်ရှိသူတစ်ဦးက ပြောကြားရာမှာ ကုမ္ပဏီအနေနဲ့ဘယ်သူ့ရဲ့ မက်ဆေ့ချ်ကိုမှ ဝင်ပြီး မကြည့်ခဲ့ဘူးလို့ဆိုပါတယ်။

         အခုလို လူမှုကွန်ရက်သုံးသူတွေရဲ့ မက်ဆေ့ချ်ကို တစ်ခြားကုမ္ပဏီတွေကို ပေးဖတ်စေတာဟာ လူမှုကွန်ရက်စနစ် အားကောင်းပြီး အပြန်အလှန် အလုပ်ဖြစ်စေဖို့အတွက်လို့လည်း Facebook ဘက်က ကာကွယ်ပြောဆိုထားပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၂ နဲ့၂၀၁၄ ခုနှစ်အကြားက လူတွေရဲ့ အချက်အလက်ကို ရောင်းစားဖို့စဉ်းစားဖူးတယ်လို့Wall Street Journal က ဖော်ပြထားပါတယ်။

Photo: Magnetic Magazine

         Facebook ဟာ ယခုနှစ် ဧပြီလထဲမှာပဲ Cambridge Analytica ဖြစ်ရပ်ကြောင့် လူပေါင်း ၈၇ သန်းကျော်ရဲ့ အချက်အလက်များ ပေါက်ကြားမှုနဲ့ကြုံတွေ့ခဲ့ရသလို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း အကောင့်ပေါင်း သန်း ၃၀ နီးပါးရဲ့ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံး ကြားသိရတဲ့ သတင်းတစ်ပုဒ်မှာလည်း Facebook ဟာ လူပေါင်း ၆.၈ သန်းရဲ့ private photos တွေ ပေါက်ကြားနိုင်တဲ့ လုံခြုံရေး ပြဿနာတစ်ခုကို တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။



က္က