တယ်လီကွန်းကုမ္ပဏီကို ဒုက္ခရောက်အောင် လုပ်ခဲ့သူပါ

     ဗြိတိန်က ဟက်ကာတစ်ဦးဟာ လိုက်ဘေးရီးယားနိုင်ငံရဲ့ အင်တာနက်စနစ် ချို့ယွင်းအောင် လုပ်ဆောင်မှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

Photo: telegraph

         ဒန်နီယယ်ကာရဲလ်ဟာ အာဖရိကဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lonestar ကို ၂၀၁၅ အောက်တိုဘာလထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့သူ ဖြစ်ပြီး ကမ္ဘာအနှံ့မှာလည်း ရာပေါင်းများစွာသော ဆိုက်ဘာအဖျက်အမှာင့်တွေ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကာရဲလ်ဟာ တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Cellcom မှ အကြီးတန်းအရာရှိတစ်ဦးရဲ့ ငှားရမ်းမှုနဲ့Lonestar ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဗြိတိန် အမျိုးသား ရာဇဝတ်မှု အေဂျင်စီ NCA က ဆိုပါတယ်။

         Lonestar ကုမ္ပဏီရဲ့ ပြိုင်ဘက် Cellcom မှ ဝန်ထမ်းတစ်ဦးဟာ တစ်လ ဒေါ်လာ ၁ သောင်းပေးပြီး ကာရဲလ်ကို ငှားရမ်းကာ Lonestar ရဲ့ ဝန်ဆောင်မှုနဲ့သိက္ခာကျဆင်းဖို့စေခိုင်းခဲ့တာ ဖြစ်ပါတယ်။ Cellcom ကုမ္ပဏီအနေနဲ့ဒီတိုက်ခိုက်မှုကို သိရှိထားသလားဆိုတဲ့ အချက်ကိုတော့ မထုတ်ပြန်ထားပါဘူး။ ကာရဲလ်ဟာ ကွန်ပျူတာစနစ်တွေ တိုက်ခိုက်ဖို့botnetတစ်ခု တည်ဆောက်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

         ကာရဲလ်တည်ဆောက်ထားတဲ့ Mirai #4 ဆိုတဲ့ botnet ဟာ တရုတ်ထုတ် Dahua ဝက်ဘ်ကင်မရာတွေရဲ့ လုံခြုံရေးယိုပေါက်ကနေ Lonestar ရဲ့ ကွန်ပျူတာစနစ်တွေထဲ လျှို့ဝှက်ဝင်ရောက်ခဲ့တာပါ။ သူကတော့ ဆိုက်ပရပ်စကနေ မိုဘိုင်းဖုန်းတစ်လုံးနဲ့botnet ကို ထိန်းချုပ်နေခဲ့ပါတယ်။ ဒီ botnet ကနေ Lonestar ကို DDoS attack တိုက်ခိုက်ခဲ့တာကြောင့် ကုမ္ပဏီဘက်မှ ဒေါ်လာ ၆ သိန်းခန့်သုံးပြီး ပြန်ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။

         ဒီတိုက်ခိုက်မှုကြောင့် Lonestar ကုမ္ပဏီရဲ့ ဖောက်သည်တွေ ဆုံးရှုံးခဲ့ရပြီး ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာ အရှုံးပြခဲ့တယ်လို့NCA က ဆိုပါတယ်။ လိုက်ဘရီးယားမှာ ရှိတဲ့ မိုဘိုင်းကွန်ရက်သုံးစွဲသူတွေလည်း အင်တာနက် offline ဖြစ်ခဲ့ပါတယ်။ Lonestar အနေနဲ့ဆိုက်ဘာလုံခြုံရေးအတိုင်ပင်ခံတွေနဲ့ဒီတိုက်ခိုက်မှုကို တွန်းလှန်ခဲ့ပေမယ့် နောက်ကျသွားခဲ့တာကြောင့် ဆုံးရှုံးမှုက အတော်လေး မြင့်မားခဲ့တယ်လို့ဆိုပါတယ်။

Photo: Capital FM

         ၂၀၁၇ ဖေဖော်ဝါရီထဲမှာ သူ့ကို ဖမ်းမိပြီးနောက် ဂျာမဏီနိုင်ငံကို လွဲှပြောင်းပေးခဲ့ပါတယ်။ ကာရဲလ်ဟာ ဂျာမဏီ တယ်လီကွန်း Deutsche Telekom ကို ၂၀၁၆ နိုဝင်ဘာလက တိုက်ခိုက်ခဲ့မှုကြောင့် ကုမ္ပဏီဘက်မှ ဖောက်သည် ၁ သန်းခန့်ထိခိုက်နစ်နာစေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို လန်ဒန်မြို့ဘလက်ဖဲယားတရားရုံက ထောင်ဒဏ် ၂ နှစ် ၈ လ ချမှတ်ခဲ့ပါတယ်။

      



က္က