တစ်နာရီ ၇၅ မိုင်အထိ သွားနိုင်ပါတယ်
Nyein Min Wai

ကမ်းဘရစ်တက္ကသိုလ်က ကျောင်းသားတစ်စုဟာ လန်ဒန်ကနေ အီဒင်ဘာ့ဂ်မြို့ကို အားပြန်သွင်းစရာမလိုဘဲ တောက်လျှောက် မောင်းနှင်နိုင်မယ့် လျှပ်စစ်ကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။

Helia လို့နာမည်ပေးထားတဲ့ ဒီလျှပ်စစ်ကားဟာ တစ်နာရီ ၇၅ မိုင် ( ကီလိုမီတာ ၁၂၀) အထိ အမြန်ဆုံးသွားနိုင်ပြီး ခရီးသည် ၄ ဦးနဲ့ဆိုရင် တစ်နာရီ မိုင် ၅၀ ( ကီလိုမီတာ ၈၀) နှုန်းနဲ့သာသာယာယာ သွားနိုင်မယ်လို့Daily Mail သတင်းက ဆိုပါတယ်။ ဒီအတွက် သုံးတဲ့စွမ်းအင်ဟာ ရေနွေးတစ်အိုးဆူဖို့ သုံးလိုက်တဲ့ စွမ်းအင်နဲ့ညီမျှတယ်လို့လည်း ဆိုပါတယ်။

Photo: Daily Mail


ဒါဟာ ဈေးကွက်ဝင် ရောင်းချတဲ့ လျှပ်စစ်ကားတွေရဲ့ စွမ်းအင်သုံးစွဲမှုရဲ့ ၁၀ ပုံ ၁ ပုံပဲ ရှိတာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ Tesla လျှပ်စစ်ကားထက် ၄ ပုံတစ်ပုံလောက်ပဲ ရှိပေမယ့် သွားနိုင်တဲ့ အကွာအဝေးဟာ နှစ်ဆပိုရှိတယ်လို့ ဆိုပါတယ်။ အားသွင်းရာမှာလည်း ပုံမှန် လျှပ်စစ်ကားအားသွင်း charger သုံးပြီး အားသွင်းနိုင်မှာပါ။ တစ်ခါအားသွင်းထားတာနဲ့ Helia ဟာ ၅၅၉ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Helia ကို ဘွဲ့ကြိုကျောင်းသား ၂၀ နဲ့ပရိုဂရမ်ညွှန်ကြားရေးမှူး ရှောင်ဖန်ဇောင်တို့ ပါဝင်တဲ့ ကမ်းဘရစ်ချ်တက္ကသိုလ် Eco Racing Team က တီထွင်ထားတာ ဖြစ်ပါတယ်။ ဒီလျှပ်စစ်ကားကိုဩဂုတ်လ ၁၉ ရက်နေ့က လန်ဒန်သိပ္ပံပြတိုက်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ၄ ယောက်စီး လျှပ်စစ်ကားအတွက် Formaplex ၊ Delta Motorsport နဲ့ 8D Closures စတဲ့ ဗြိတိန်ကားကုမ္ပဏီတွေနဲ့ အင်ဂျင်နီယာကုမ္ပဏီတွေနဲ့ ပူးပေါင်းထုတ်လုပ်လိုက်တာပါ။

Photo: Daily Mail


ဆိုလာပြား အမိုးတပ်ထားတဲ့ Helia ဟာ ပေါ့ပါးသွက်လက်ပြီး လေထုထဲ ပွတ်တိုက်မှုနည်းအောင် ဖွဲ့စည်းထားသလို လည်ချက်ကျပ်မှုနည်းပါးတဲ့ တာယာများ သုံးထားတာကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး စွမ်းအင်ထိရောက်မှု ပိုကောင်းတာ ဖြစ်ပါတယ်။ ကာဗွန်ဖိုက်ဘာကိုယ်ထည်နဲ့တည်ဆောက်ထားတဲ့ Helia ဟာ အောက်တိုဘာ ၁၃ -၁၄ နှစ်ရက်တာ ဩစတြေးလျမှာ ကျင်းပတဲ့ Bridgestone World Solar Challenge ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက ဆိုလာယာဉ်တွေ ဝင်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ လမ်းအနေအထားကြောင့် Helia ဟာ ကားဘက်ထရီ ကုန််ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာ ကမ်းဘရစ်ချ်အဖွဲ့ဟာ တတိယဆုရခဲ့ပါတယ်။


က္က