ဒီဇင်ဘာလထဲမှာ ‌တည်ဆောက်မှု ပြီးစီးမှာပါ
Nyein Min Wai

Xiaomi ဟာ 5G flagship စမတ်ဖုန်းတွေ ထုတ်ဖို့ ကိုယ်ပိုင်ဖုန်းစက်ရုံတစ်ခု တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

ဘေဂျင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ 5G ကွန်ဖရင့်မှာ Xiaomi ရဲ့ CEO လေဂျန်က ထုတ်လုပ်မှု မြင့်မားပြီး အလိုအလျောက်စနစ်သုံး 5G စက်ရုံကြီးတစ်ခု တည်ဆောက်နေကြောင်းကို အတည်ပြုခဲ့တာပါ။ Gizchina ရဲ့ ဖော်ပြချက်အရ Xiaomi ရဲ့ စက်ရုံဟာ တစ်လကို စမတ်ဖုန်းအလုံးရေ ၁ သန်း ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။


Photo: socialnews

ဒီစက်ရုံကိုတော့ ဘေဂျင်းစီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးဇုန်ထဲမှာ တည်ဆောက်နေတာ ဖြစ်ပြီး ဒီစက်မှုဇုန်ဟာ 5Gကွန်ရက် ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အလိုအလျောက် ထုတ်လုပ်မှု လုပ်ဆောင်မယ့် စက်ရုံဖြစ်လို့ တစ်မိနစ်ကို စမတ်ဖုန်း အလုံး ၆၀ အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Xiaomi ရဲ့ 5G ဖုန်းစက်ရုံဟာ ပုံမှန်စက်ရုံတွေထက် ထုတ်လုပ်မှုနှုန်း ၆၀% ပိုထုတ်လုပ်နိုင်မှာ ဖြစ်ပြီး စက်ရုံတည်ဆောက်မှုကတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ပြီးစီးမှာပါ။ 5G ဟာ ကျဆင်းနေတဲ့ စမတ်ဖုန်းလောကကို လာမယ့်နှစ်မှာ ဆွဲတင်မယ့်အရာ ဖြစ်တယ်လို့ လေဂျန်က ဆိုပါတယ်။


Photo: gizmochina

လာမယ့် ၂၀၂၀ မှာ Xiaomi ဟာ အနည်းဆုံး 5G စမတ်ဖုန်းမော်ဒယ် ၁၀ မျိုး ဖြန့်ချိဖို့ စီစဉ်ထားသလို IoT+5G ဗျူဟာကိုလည်း အားကောင်းအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဒေါ်လာ ၃၀၀ နဲ့ အထက် Xiaomi ဖုန်းအားလုံးဟာ 5G ပံ့ပိုးမှု ပါလာမယ်လို့လည်း အတည်ပြုထားပါတယ်။

ကိုယ်ပိုင် စမတ်ဖုန်းစက်ရုံသစ် တည်ဆောက်တာကြောင့် Xiaomi ဟာ အရင်ကထက် flash sale တွေ ပိုပြီး မကြာခဏ ရောင်းချနိုင်တော့မှာ ဖြစ်သလို ဈေးကွက်ထဲ စမတ်ဖုန်းတွေ တင်ပို့ရောင်းချရာမှာလည်း အရင်ကထက် ပိုမို မြန်ဆန်လာတော့မှာပါ။


က္က