ဒီပြောကြားချက်တွေ မှားနေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်

တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတယ်ဆိုပြီး ‌ပြောကြားခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၃ ဦးကို Huawei Technologies က တရားစွဲထားပါတယ်။


မတူညီတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အခုလို မှတ်ချက်ပြုပြောကြားခဲ့တဲ့ ပြင်သစ်သုတေသနပညာရှင်တစ်ဦး ၊ ရုပ်သံဂျာနယ်လစ်တစ်ယောက်နဲ့ တယ်လီကွန်းပိုင်း ကျွမ်းကျင်ပညာရှင်တစ်ဦးတို့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ Huawei က တရားစွဲထားတာ ဖြစ်တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ တရားစွဲမှုအကြောင်း Huawei ဘက်က အတည်ပြုထားပြီး ပြီးခဲ့တဲ့ မတ်လက ပြင်သစ်တရားရေးအာဏာပိုင်တွေဆီ စွဲချက်တင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။


Photo: SCMP

တရားစွဲရာမှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတဲ့ ပြောကြားချက်နဲ့ အနောက်ကမ္ဘာကို သူလျှိုထောက်လှမ်းမှု ကျူးလွန်ဖို့ ကုမ္ပဏီရဲ့ နည်းပညာ အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားစွဲတာ ဖြစ်တယ်လို့ Huawei က ပြောပါတယ်။ အခုလို ပြောကြားချက်တွေဟာ မှားယွင်းနေတယ်လို့လည်း ကုမ္ပဏီဘက်က ထပ်လောင်းပြောကြားထားပါတယ်။

မကြာသေးမီက ပြင်သစ်အစိုးရအဖွဲ့ဟာ 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei အပါအဝင် တယ်လီကွန်း supplier အားလုံးကို လမ်းဖွင့်ပေးထားတဲ့ ဥပဒေတစ်ရပ် ပြဌာန်းထားပြီး နိုင်ငံ့လုံခြုံရေးအခြေအနေများပေါ် မူတည်ပြီး အစိုးရအဖွဲ့ရဲ့ သဘောအတိုင်း ရွေးချယ်တာ နဲ့ ပယ်ဖျက်တာမျိုး လုပ်သွားမယ်လို့ ဆိုပါတယ်။ Huawei ရဲ့ တရားစွဲမှုဟာ အခုလို ထိလွယ်ရှလွယ်အချိန်အခါမှာ ထွက်ပေါ်လာတာပါ။

Photo: Medium



အမေရိကန်အစိုးရကတော့ EU မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei ကို ဖယ်ထုတ်လိုက်ဖို့ ဖိအားပေးနေပါတယ်။ ပြင်သစ်နိုင်ငံကတော့ Huawei ကို 5G လေလံဝင်ခွင့်ပြုပြီး စိတ်ကြိုက် ငြင်းပယ်ခွင့် သတ်မှတ်ထားပေမယ့် ဂျာမဏီအစိုးရကတော့ 5G ကွန်ရက်မှာ Huawei ကို ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

တကယ်လို့ ဂျာမဏီနဲ့ကနေဒါတို့ဟာ Huawei ကို 5G တည်ဆောက်ရေးမှာ ခွင့်ပြုသွားမယ်ဆိုရင် ထောက်လှမ်းရေးအချက်အလက်တွေ ရယူမှု ဖြတ်တောက်သွားမယ်လို့လည်း အမေရိကန်ဘက်က သဘောထား တုန့်ပြန်ထားပါတယ်။ အမေရိကန်မှာ 5G ကွန်ရက်တွေအတွက် ပစ္စည်းအစိတ်အပိုင်းရောင်းချမှုကို ကန့်သတ်ပိတ်ပင်ခံထားရတဲ့ Huawei ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ အမေရိကန်အစိုးရအဖွဲ့ကို တရားစွဲဆိုထားပါတယ်။



က္က