Qualcomm ဟာ တရုတ်မှာ ဈေးကွက်ဝေစု ကျဆင်းလာနေပါတယ်

Huawei ရဲ့ ကိုယ်ပိုင် semicondutor ကုမ္ပဏီ HiSilicon ဟာ အမေရိကန် chipset ကုမ္ပဏီကြီး ဖြစ်တဲ့ Qualcomm ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့ နံပါတ်တစ် Chip Supplier နေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပထမ သုံးလပတ်အတွင်း HiSilicon ဟာ စမတ်ဖုန်း processor ပေါင်း ၂၂.၂၁ သန်း တင်ပို့နိုင်ခဲ့တယ်လို့ တရုတ်သုတေသနကုမ္ပဏီ CINNO ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံအတွင်း Semiconductor လုပ်ငန်းဆိုင်ရာ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ HiSilicon အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ပထမသုံးလပတ်မှာ တင်ပို့ခဲ့တဲ့ Chips အရေအတွက် ၂၂.၁၇ သန်းထက်စာရင် ပာမဏအနည်းငယ်ပဲ တိုးတာ ဖြစ်ပါတယ်။



Photo: SCMP

chipset တင်ပို့မှု သိသိသာသာ တက်မလာပေမယ့် ပထမသုံးလပတ်အတွင်း ဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ပထမသုံးလပတ် ၂၄.၃% ကနေ ၄၃.၉% ကို မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် Qualcomm ကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်း စမတ်ဖုန်း processor supplier နေရာကိုလည်း ရောက်ရှိလာခဲ့ပါတယ်။

CINNO ရဲ့ တရုတ်စမတ်ဖုန်း SoC သတ်မှတ်ချက်မှာ Qualcomm ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၃၂.၈% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ Qualcomm ဟာ တရုတ်နိုင်ငံရဲ့ နံပါတ်တစ် စမတ်ဖုန်း chipset တင်သွင်းသူအဖြစ် ပြီးခဲ့တဲ့ ၂၀၁၉ စတုတ္ထသုံးလပတ်အထိ ဈေးကွက်ဝေစု ၃၇.၈% နဲ့ရပ်တည်ခဲ့တာပါ။

Photo: CNBC


HiSilicon ဟာ Huawei စမတ်ဖုန်းတွေအတွက် Kirin brand နာမည်နဲ့ ချပ်စ်တွေ ဒီဇိုင်းထုတ်ပါတယ်။ semiconductor တွေကိုတော့ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေး ကုမ္ပဏီ TSMC က တာဝန်ယူထုတ်လုပ်ပေးပါတယ်။ တရုတ်နိုင်ငံအတွင်း HiSilicon chipset ဈေးကွက်မြင့်တက်လာခြင်းဟာ ပြီးခဲ့တဲ့နှစ် အမေရိကန်အစိုးရရဲ့ Entity List ဝင်ပြီးကတည်းက Huawei အနေနဲ့ ပြည်တွင်းဈေးကွက်ပေါ် ပိုပြီး အာရုံစိုက်လာတာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်း မိတ်ဆက်တဲ့ Huawei ဖုန်းတွေရဲ့ ၉၀% ‌ကျော်ဟာ ကုမ္ပဏီထုတ် HiSilicon processor ကိုပဲ သုံးနေပါတယ်။ တရုတ်နိုင်ငံအတွင်း chipset ‌ဈေးကွက်ကို ကြီးစိုးနေတဲ့ ကုမ္ပဏီတွေထဲမှာ HiSilicon တစ်ခုပဲ အတက်ပြနေပြီး Apple chipset ကတော့ ဈေးကွက်အပြောင်းအလဲ သိပ်မရှိတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က