နိုင်ငံခြားဝင်ငွေ ဆုံးရှုံးမှုကြောင့်ပါ

နီပေါနိုင်ငံဟာ တရုတ်နိုင်ငံမှ နာမည်ကျော် digital wallets များ ဖြစ်တဲ့ Alipay နဲ့WeChat တို့အသုံးပြုမှုကို ပိတ်ပင်လိုက်ပါတယ်။

         တရုတ်နိုင်ငံမှ သိန်းနဲ့ချီတဲ့ ခရီးသည်များဆီမှ နိုင်ငံခြားဝင်ငွေ ရရှိမှု ဆုံးရှုံးခြင်းကနေ ကာကွယ်ဖို့အခုလို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့Channel News Asia မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နီပေါနိုင်ငံအတွင်း တရုတ်ခရီးသွားပေါင်း ၁ သိန်းခွဲကျော် လာရောက်လည်ပတ်ခဲ့ပြီး ဒီဧည့်သည်အတော်များများဟာ ခရီးသွားဒေသတွေမှာ ရှိတဲ့ ဟိုတယ် ၊ စားသောက်ဆိုင်နဲ့ပစ္စည်းအရောင်းဆိုင်တွေမှာ တရုတ် digital wallets တွေကို အသုံးပြုပြီး ငွေချေခဲ့တယ်လို့ဆိုပါတယ်။

Photo: hongkongfp



         ဗဟိုဘဏ်ပြောခွင့်ရပုဂ္ဂိုလ် လက်ချ်မီပရာပန်နာ နီရောလာမှ တကယ့်ငွေပေးငွေချေလုပ်မှုဟာ တရုတ်မှာပဲ ဖြစ်နေတာကြောင့် နီပေါနိုင်ငံအနေနဲ့နစ်နာမှု ရှိတယ်လို့မေလ ၂၁ ရက်နေ့က ပြောခဲ့ပါတယ်။

         " Alipay နဲ့WeChat Pay တို့ကို ပိတ်လိုက်ပါတယ်။ အကြောင်းက နိုင်ငံအနေနဲ့ဒီဝန်ဆောင်မှုတွေ သုံးတာကနေ နိုင်ငံခြားငွေကြေး မရတာတွေ ကြောင့်ပါ။ ဒီပလက်ဖောင်းတွေကို သုံးတဲ့သူတွေကို တွေ့ရင်လည်း အရေးယူသွားမှာပါ" လို့နီရောလာက AFP ကို ပြောကြားခဲ့ပါတယ်။ နီပေါနိုင်ငံ ဥပဒေအရ နိုင်ငံခြားငွေကြေး တလွဲသုံးကြောင်း အပြစ်တွေ့တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံနိုင်ရဖို့ရှိပါတယ်။          

         Tencent ပိုင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ WeChat Pay နဲ့ကမ္ဘာ့အကြီးဆုံး eCommerce လုပ်ငန်းတွေထဲက တစ်ခု ဖြစ်တဲ့ Alibaba ရဲ့ Alipay တို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းငွေချေပလက်ဖောင်းနှစ်ခု ဖြစ်ပါတယ်။ Alipay ဟာ တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်တစ်ခုလုံးရဲ့ ထက်ဝက်ကျော်ကို ကြီးစိုးထားပြီး WeChat ကတော့ digital payment စနစ်ရဲ့ ၄၀% ပိုင်ဆိုင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က