V3 Superchargers တွေလည်း တည်ဆောက်သွားမှာပါ
Nyein Min Wai

         အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းစက်ရုံသစ်ကနေ ထုတ်လုပ်ထားတဲ့ Model 3 ကားတွေဟာ အမေရိကန်ကနေ တင်သွင်းတာထက် ၁၃% ပိုသက်သာတယ်လို့ဆိုပါတယ်။


         Bloomberg သတင်းမှာ ဖော်ပြချက်အရ ရှန်ဟိုင်း Gigafactory သစ်ကနေ ထုတ်လုပ်လိုက်တဲ့ Tesla Model 3 ကားတွေကို နိုင်ငံ ၆ နိုင်ငံမှာ pre-order မှာနိုင်ပြီ ဖြစ်ပြီး ဝယ်သူတွေဆီ နောက် ၆ လကနေ ၁၀ လအတွင်း ပို့ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။ အမေရိကန်ကနေ တရုတ်မှာ တင်သွင်းတဲ့ Tesla Model 3 ကားတွေကို ယွမ် ၃၇၇၀၀၀ ( ၅၄၆၁၆ ဒေါ်လာ) ဈေးနဲ့ရောင်းချခဲ့ပြီး တရုတ်မှာ ထုတ်လုပ်တဲ့ Tesla Model 3 တွေကိုတော့ တန်ဖိုးမြှင့်အခွန်ခ အပါအဝင် ယွမ် ၃၂၈၀၀၀ ( ဒေါ်လာ ၄၇၅၁၀ ) ဈေး သတ်မှတ်ထားတာပါ။

Photo: Zee Business

         တနည်းအားဖြင့် တရုတ်စက်ရုံထုတ် Tesla Model 3 ကားတွေဟာ လက်ရှိ အမေရိကန်ကနေ တင်သွင်းလာတဲ့ Model 3 တွေထက် ယွမ် ၄၉၀၀၀ ( မြန်မာငွေ သိန်း ၁၀၀ ကျော်) သက်သာနေတာပါ။ Tesla ဟာ ယခုနှစ် မတ်လကတည်းက တရုတ်မှာ Model ကားတွေ ထုတ်လုပ်ရောင်းချနေတာပါ။ Tesla ဟာ သွင်းကုန်အခွန်ကို ရှောင်ဖို့အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ Gigafactory ကြီးတစ်ခု တည်ဆောက်ပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ။်

         တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာ နှစ်နိုင်ငံအကြား အခွန်အတုပ် အပြိုင်တိုးကောက်နေတာကလည်း Tesla လို ကားကုမ္ပဏီကြီးတွေအတွက် အခက်တွေ့စရာ ဖြစ်နေပါတယ်။ တရုတ်မှာ စက်ရုံတည်လိုက်ခြင်းကြောင့် ကားတွေ ပို့ဆောင်ရာမှာ ပိုပြီး မြန်ဆန် သွက်လက်လာမှာ ဖြစ်သလို သွင်းကုန်အခွန်လည်း ရှောင်နိုင်မှာပါ။ Tesla ရဲ့ CEO အီလွန်မတ်စ်ဟာ တရုတ်မှာ ထုတ်တဲ့ Tesla Model 3 ကားတွေကို သြစတြေးလျ ၊ ဟောင်ကောင် ၊ ဂျပန် ၊ နယူးဇီလန် ၊ အိုင်ယာလန်နဲ့မကာအို ၆ နိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပြီး ဒီနိုင်ငံတွေဆီကလည်း pre-order လက်ခံထားပါတယ်။

Photo: Wccftech

         Tesla ဟာ ပစ္စည်းသယ်ပို့မှု ပြဿနာကြောင့် သုံးလတစ်ဖြတ် ကားအစင်းရေ ၉ သောင်း တင်ပို့ရာကနေ ၆ သောင်း ၃ ထောင်အထိ ကျဆင်းခဲ့တဲ့ အဖြစ်နဲ့ကြုံဖူးပါတယ်။ ဒီအဖြစ်ကြောင့် ကုမ္ပဏီဟာ ဒေါ်လာ ၇၀၂ သန်း အရှုံးပြသွားခဲ့ပါတယ်။ မေလဆန်းပိုင်းကပဲ တကယ်လို့ကုမ္ပဏီအနေနဲ့အကြီးအကျယ်ပြောင်းလဲမှု မလုပ်ခဲ့ရင် ၁၀ လအတွင်း ရှိသမျှငွေ အကုန် ပြတ်လပ်ဖို့ရှိတယ်လို့ဝန်ခံပြောဆိုခဲ့ပါတယ်။

         Tesla အနေနဲ့ဒီနှစ်ကုန်ပိုင်း တရုတ်နိုင်ငံမှာ V3 Superchargers များ တည်ဆောက်သွားမယ်လို့လည်း Bloomberg မှာ ဖော်ပြထားပါတယ်။ ဒီ charging station တွေဟာ လက်ရှိ Superchargers တွေထက် အားသွင်းမှုနှုန်း ၂ ဆပိုမြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က