ဗိုင်းရပ်စ်ကို နည်းပညာနဲ့ တိုက်ဖျက်နေတာပါ

တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့နဲ့ ပိုးသတ်ဆေးဖြန်းဖို့အတွက် နည်းပညာမြင့် ဒရုန်းတွေ အသုံးပြုနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေတဲ့ တရုတ်နိုင်ငံအတွင်း ဒါဇင်နဲ့ချီတဲ့ မြို့တွေက နေထိုင်သူသန်း ၅၀ ခန့်ကို အိမ်ပြင်မထွက်ဖို့ အဆင့်မြှင့်တင်ထားတဲ့ စက်မှုလုပ်ငန်းသုံး ဒရုန်းတွေကို အသုံးပြုနေတယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။ ရှန်းကျင့်မှာ ထုတ်လုပ်ထားတဲ့ ဒီဒရုန်းတွေမှာ ရောဂါရှာဖွေရေးနဲ့ လူစုလူဝေး စီမံမှုအတွက် app တွေ ပြန်ရေးထားတာပါ။



Photo: SCMP


ရောဂါရှာဖွေရေးနဲ့ လူစုလူဝေး စီမံရေးအတွက် ပြုပြင်ပြီး ထုတ်လုပ်ထားတဲ့ ဒီဒရုန်းတွေကို Shenzhen Smart Drone UAV ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒရုန်းတွေမှာ လေထဲကနေ အပူချိန်တိုင်းနိုင်မယ့် Thermal Sensor များ ၊ အရည်အသွေးမြင့် အနီးအဝေးဆွဲရိုက်နိုင်တဲ့ ကင်မရာမှန်ဘီလူးများ ၊ ညွှန်ကြားမှုပေးမယ့် အသံချဲ့စက်များ နဲ့ ဗိုင်းရပ်စ်ရှိတဲ့နေရာတွေကို ပိုးသတ်ဖို့ Spray Jets များ ထည့်ထားတယ်လို့ ဆိုပါတယ်။

ဒရုန်းကနေ ဖမ်းယူရရှိတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး အာဏာပိုင်တွေက ဒရုန်းမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေက တစ်ဆင့် ညွှန်ကြားချက်တွေ ပေးပါတယ်။ ဒရုန်းတွေဟာ သယ်ယူပို့ဆောင်ရေးအတွက်ပါ ရည်ရွယ်ပြီး အများဆုံး ၁၅ ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင် နိုင်တယ်လို့ ဆိုပါတယ်။




တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ လူတစ်ချို့ အပြင်ထွက်ပြီး မာကျောက် ကစားနေတာကိုလည်း အိမ်ထဲ ပြန်ဝင်ဖို့ အမိန့်ပေးတဲ့ ဗွီဒီယိုတစ်ခု တရုတ်လူမှုကွန်ရက် Sina Weibo မှာ တက်လာခဲ့ပါတယ်။ တရုတ်အရှေ့ပိုင်း ဂျန်းဆုပြည်နယ် ရှုယန်မှာလည်း ပါးစပ်နှာခေါင်းစည်း mask တပ်မထားတဲ့ ခရီးသွားတွေကို ဒရုန်းကနေတစ်ဆင့် mask တပ်ဖို့ ညွှန်ကြားနေပါတယ်။

တရုတ်နိုင်ငံမှာ လူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့အတွက် ဒရုန်းတွေအပြင် ဆေးရုံသုံး စက်ရုပ်များ ၊ အစားအသောက် ပို့ဆောင်ရေးစက်ရုပ်များလည်း အသုံးပြုနေပါတယ်။ မတ်လ ၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၅၄၈၁ ဦး ရှိပြီး သေဆုံးသူ ၃၂၈၆ ဦး ၊ ပြန်ကောင်းလာသူ ၅၃၆၈၈ ဦး ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က