Microsoft Edge ၊ Google Chrome နဲ့ Apple Safari တို့ရဲ့ အားနည်းချက်ကို ရှာတွေ့ထားပါတယ်

တရုတ်နိုင်ငံက White Hat ဟက်ကာတွေဟာ ကမ္ဘာကျော် browser တွေ ဖြစ်တဲ့ Chrome ၊ Safari အပါအဝင် နာမည်ကြီး routers တွေထဲ ထိုးဖောက်မှုတစ်ခု လုပ်ခဲ့ပါတယ်။

Pwn2Own ပုံစံ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲအဖြစ် တရုတ်မှာ စတင် ကျင်းပလာတဲ့ Tianfu Cup မှာ အခုလို ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှု လုပ်ပြသွားတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ၊ ၁၇ နှစ်ရက်တာ ကျင်းပသွားခဲ့တဲ့ ဒီပြိုင်ပွဲမှာ နည်းပညာကုမ္ပဏီတွေနဲ့ လက်တွဲပြီး စနစ်ပိုင်း လုံခြုံရေးယိုပေါက်တွေ ရှာဖွေဖော်ထုတ်ပေးတဲ့ White Hat ဟက်ကာတွေ ပါဝင်ခဲ့တာပါ။

Photo: moneycontrol


ယခုနှစ် Tianfu Cup မှာ တရုတ်ဟက်ကာတွေဟာ Microsoft Edge ရဲ့ လုံခြုံရေးအားနည်းချက် ၃ ခု ၊ Google Chrome မှာ နှစ်ခုနဲ့ Apple ရဲ့ Safari မှာ တစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆော့ဖ်ဝဲလ်ကဏ္ဍမှာ စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲလ်တွေဖြစ်တဲ့ Microsoft Office 365 ProPlus နဲ့ Adobe PDF Reader တို့ရဲ့ အားနည်းချက်ကိုလည်း ရှာတွေ့ခဲ့တယ်လို့ Money Control သတင်းမှာ ဖော်ပြထားပါတယ်။

Tianfu Cup ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ပြိုင်ပွဲမှာ တွေ့ရှိသမျှ လုံခြုံရေးအားနည်းချက်တွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေဆီ အကြောင်းကြားသွားမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ Tianfu Cup ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲဟာ ကမ္ဘာ့နာမည်အကြီးဆုံး web browsers များ ၊ Wi-Fi Routers များနဲ့ ဆော့ဖ်ဝဲလ်များရဲ့ စနစ်ပိုင်း အားနည်းချက်ကို ရှာဖွေဖောက်ထွင်းတဲ့ ပြိင်ပွဲတစ်ရပ် ဖြစ်ပါတယ်။

ဒီပွဲဟာ ၂၀၀၇ ခုနှစ်က စတင်လို့ တစ်နှစ်နှစ်ကြိမ် ကျင်းပလာတဲ့ နာမည်ကြီး ကွန်ပျူတာ Hacking ပြိုင်ပွဲ Pwn2Own စတိုင် ကျင်းပတဲ့ တရုတ်ပြည်တွင်း ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲဖြစ်ပြီး Alibaba ၊ Tencent ၊ Baidu ၊ Qihoo 360 နဲ့ တစ်ခြား တရုတ်နည်းပညာကုမ္ပဏီတွေက ကြီးမှူးကျင်းပတာပါ။ ယခုနှစ် Tianfu Cup မှာ team 360Vulcan ဟာ Microsoft Edge ၊ Adobe PDF Reader ၊ MS Office 365 ၊ qemu+Ubuntu နဲ့ VMWare Workstation တို့ရဲ့ အားနည်းချက်ကို ရှာတွေ့ပြီး စုစုပေါင်း ဆုကြေး ဒေါ်လာ ၃၈၂၅၀၀ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

Photo: ZDNet

တရုတ်ဟက်ကာတွေဟာ နိုင်ငံတကာ Hacking Contest တွေမှာ ဆုတွေ အလီလီရလေ့ရှိပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်အစိုးရရဲ့ ညွန်ကြားမှုကြောင့် အခုလို ပြည်တွင်းမှာ Tianfu Cup ကျင်းပလာတာ ဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရရဲ့ ညွှန်ကြားချက်တွေ ရှိထားပေမယ့် တရုတ်ဆိုက်ဘာလုံခြုံရေးသုတေသီတွေကတော့ အမေရိကန်ကုမ္ပဏီတွေရဲ့ စနစ််ပိုင်း ချို့ယွင်းချက်တွေကို ဖော်ထုတ်ပေးနေပါတယ်။


၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်အတွင်း လုံခြုံရေးအားနည်းချက်တွေအကြောင်း ​ထောက်ပြခဲ့တဲ့ Tencent နဲ့ Qihoo 3600 ဆိုက်ဘာလုံခြုံရေးအဖွဲ့တွေကို Tesla က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ IoT ထုတ်ကုန်တွေထဲ ထိုးဖောက်ခဲ့ပြီး malware ထည့်သွင်းတဲ့ ရာဇဝတ်မှုကို ဖြေရှင်းရှာမှာလည်း အလက်စကားမှ FBI အဖွဲ့အစည်းဟာ Oihoo 360 ဆီက အကူအညီရယူခဲ့ရပါတယ်။




က္က