Microsoft မှ ထုတ်ပြန်ခဲ့တာပါ
Nyein Min Wai

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့နဲ့ ဆက်နွယ်နေတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေကို တရုတ် ၊ ရုရှားနဲ့ အီရန် နိုင်ငံများမှ ဟက်ကာတွေက ပစ်မှတ်ထားနေကြတယ်လို့ အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft က ဆိုပါတယ်။

၂၀၁၆ ဒီမိုကရက်တစ်ကမ်ပိန်းကို ဆိုက်ဘာမွှေနှောက်မှုလုပ်ခဲ့တဲ့ ရုရှားဟက်ကာတွေဟာ ဒီတစ်ခေါက် ပြန်ပါလာတယ်လို့ Microsoft က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ ကြေညာချက်ထဲမှာ အီရန်နဲ့ တရုတ်ဟက်ကာတွေလည်း အမေရိကန်နိုင်ငံရေးကမ်ပိန်းတွေထဲ ထိုးဖောက်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

"ဒီနေ့ကျွန်တော်တို့ ကြေညာချက်ထုတ်ပြန်တာက ၂၀၂၀ ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး နိုင်ငံခြားမှ လှုပ်ရှားနေတဲ့ အဖွဲ့တွေ တိုးမြင့်နေတယ်ဆိုတဲ့ အကြောင်းပါပဲ"လို့ Microsoft ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

Photo: Financial Times

အမေရိကန်ရဲ့ ထိပ်တန်း ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေကလည်း သမ္မတရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ လူနဲ့ အဖွဲ့အစည်းတွေရဲ့ အီးမေးလ်အကောင့်တွေကို ချိုးဖောက်ဖို့ ကြိုးစားနေတဲ့အကြောင်းကို Microsoft မှ တွေ့ရှိထားတာ မှန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲစနစ်တွေကို သက်ရောက်မှု ရှိတယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့လည်း ပြောထားပါတယ်။ 

Microsoft ရဲ့ ထုတ်ပြန်ချက်ထဲမှာ Strontium group မှ ရုရှားဟက်ကာတွေဟာ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကို ပစ်မှတ်ထားနေပြီး ဒီထဲက အများအပြားဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီကြီးတွေနဲ့ ဆက်စပ်နေတယ်လို့ ပါရှိပါတယ်။ ဒီဆိုက်ဘာတိုက်ခိုက်သူတွေဟာ ဗြိတိန်နိုင်ငံရေးပါတီတွေကိုလည်း ပစ်မှတ်ထားနေတယ်လို့ Microsoft က ဆိုပါတယ်။

Strontium အဖွဲ့ကို Fancy Bear လို့လည်း ခေါ်ကြပြီး ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့အစည်း GRU ရဲ့ လက်အောက်က ဆိုက်ဘာအဖွဲ့လို့လည်း သတင်းထွက်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရုရှားတွေဟာ လက်ရှိရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လိုလားပြီး တရုတ်ဟက်ကာတွေဟာ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ထောက်ခံတယ်လို့ ဆိုပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်နဲ့ ဆက်နွယ်နေတဲ့ ဟက်ကာတွေဟာ ဘိုင်ဒန်ကမ်ပိန်းအပါအဝင် သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အနည်းဆုံးထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးကိုပါ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ဟက်ကာအဖွဲ့ဟာ Atlantic Council အပါအဝင် ပညာရှင်များ ၊ တက္ကသိုလ်များကိုလည်း ပစ်မှတ်ထားခဲ့ပြီး ယခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း Zirconium မှ ထောင်နဲ့ချီတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ထောက်လှမ်းနိုင်ခဲ့တယ်လို့ Microsoft က ထုတ်ပြန်ပါတယ်။ 

Photo: Teller Reports


အီရန်ဟက်ကာတွေနဲ့ ပတ်သက်လို့ ၂၀၂၀ မေနဲ့ ဇွန်လအတွင်း Phosphorous ဆိုတဲ့ အီရန်ဟက်ကာအဖွဲ့ဟာ ထရမ့်အစိုးရအဖွဲ့အာဏာပိုင်တွေနဲ့ ထရမ့်ကမ်ပိန်းဝန်ထမ်းတို့ရဲ့ အကောင့်တွေထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ Microsoft က ဆိုပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ CNN ကို ပြောကြားရာမှာ Microsoft ရဲ့ အစီရင်ခံစာဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထဲရေးဌာန ထိပ်တန်းဆိုက်ဘာအာဏာပိုင်တစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာကရဗ်စ်က Microsoft ရဲ့ သတိပေးချက်ဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ပြောခဲ့တဲ့အချက်တွေကို အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 


Author


က္က