၂၀၂၀ နှစ်ကုန်ပိုင်း ထိုင်းမှာ 5G ရဖို့ရှိပါတယ်။

        ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Huawei ရဲ့ 5G ကွန်ရက်ပစ္စည်းကို ပထမဆုံး စမ်းသပ်လာတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

         အမေရိကန်အစိုးရရဲ့ တားမြစ်မှုတွေ ရှိပေမယ့် ထိုင်းနိုင်ငံဟာ ဒီတစ်ပတ်သောကြာနေ့မှာ Huawei ရဲ့ 5G ကွန်ရက်နည်းပညာကို စမ်းသပ်ခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ Huawei ဟာ ထိုင်းနိုင်ငံ ချောင်ဘူရီမှာရှိတဲ့ 5G စမ်းသပ်ရာ သုတေသနဌာနတစ်ခု ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်

         ဒီဌာနဟာ ချောင်ဘူရီးမြို့မှ ဒေါ်လာ ၄၅ ဘီလျံတန် Eastern Economic Corridor မှာ တည်ရှိပြီး တစ်ခြားတယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Ericsson နဲ့Nokia တို့အခြေစိုက်ရာ စီးပွားရေး ဇုန်တစ်ခုလည်း ဖြစ်ပါတယ် ။ ထိုင်းအစိုးရအနေနဲ့Huawei ကို 5G စမ်းသပ်ဖို့ပူးပေါင်းလုပ်ဆောင်ထားတာ ဖြစ်ပေမယ့် လုံခြုံရေးနဲ့ပတ်သက်ပြီး သတိရှိနေတယ်လို့လည်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဝန်ကြီး Pichet Durongkaveroj က ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

         "ကျွန်တော်တို့ကမ္ဘာအဝှမ်းက စိုးရိမ်ချက်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ သို့သော်လည်း ဒီ 5G test bed စမ်းတဲ့ စီမံကိန်းကတော့ နိုင်ငံအတွက် စမ်းသပ်ဆဲကာလမှာပဲ ရှိပါတယ်။" လို့သူက ဆိုပါတယ်။ "Huawei ကို စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေ တကယ်ဟုတ်သလား မဟုတ်သလားဆိုတာကို သတ်မှတ်ဖို့အတွက်လည်း ကျွန်တော်တို့လေ့လာနေတာက အသုံးဝင်မှာပါ"

         ထိုင်းနိုင်ငံဟာ အမေရိကန်အစိုးရရဲ့ မဟာမိတ်နိုင်ငံထဲမှာ ပါဝင်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံတွေအနေနဲ့Huawei အပါအဝင် တရုတ်တယ်လီကွန်းကုမ္ပဏီတစ်ချို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မသုံးဖို့တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ထိုင်းဘက်ကို Huawei ကို ပိတ်ဖို့ဆက်သွယ်တာမျိုး ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီး ပီချက်မှ မသိရကြောင်း ပြောကြားခဲ့ပါတယ်။

Photo: cdrinfo

         တရုတ်အစိုးရအတွက် ဆိုက်ဘာသူလျှိုလုပ်ပေးနေတယ်လို့စွပ်စွဲခံထားရတဲ့ Huawei ဟာ ဒီစွပ်စွဲချက်ကို ထပ်တလဲလဲ ငြင်းဆန်ထားခဲ့ပါတယ်။ "ကျွန်တောတို့ပစ္စည်း အစိတ်အပိုင်းတွေက လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်စေပါတယ်လို့တွေ့ရတဲ့ သက်သေမရှိပါဘူး။ ဒါက ထိုင်းနိုင်ငံတင်မဟုတ်ဘူး ။ ကမ္ဘာတစ်ဝှမ်းလုံးမှာပါ" လို့Huawei ဘက်မှ ဆိုပါတယ်။

    နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ဝန်ထမ်းအင်အား ၁၈၀၀၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတဲ့ Huawei ရဲ့ ဝင်ငွေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးက တရုတ်နိုင်ငံ ပြင်ပက ဝင်တာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ 5G သဘောတူစာချုပ်ပေါင်း ၃၀ ကျော် ရှိထားတာပါ။

         Huawei အနေနဲ့ထိုင်းနိုင်ငံနဲ့5G ကန်ထရိုက်မချုပ်ဆိုရသေးပေမယ့် ဒေသတွင်း တယ်လီကွန်းအော်ပရေတာတွေ ဖြစ်တဲ့ Advanced Info Service Pcl နဲ့TRUE တို့နဲ့၂၀၂၀ ဒီဇင်ဘာမှာ တစ်နိုင်ငံလုံး ဖြန့်ချိဖို့ဆွေးနွေးပြောဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က