၂၂ ဒေါ်လာတန် အပ်ချုပ်စက်ကလေးနဲ့ဝင်ပြိုင်တာပါ
Nyein Min Wai

     အပ်ချုပ်စက်ကနေ လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ တီထွင်မှုနဲ့ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ တီထွင်မှုအတွက်ပေးတဲ့ VentureWell OPEN 2018 ကွန်ဖရင့်မှာ ဒေါ်လာ ၃၀၀၀ တန် ဆုနဲ့အတူ ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှပ်နှံမှု ရရှိခဲ့ပါတယ်။

Photo: Medium



         Texas A&M University မှာ ကျင်းပတဲ့ Invent for the Planet ခေါင်းစဉ်နဲ့တီထွင်မှုစွမ်းရည် ပြပွဲမှာ နိုင်ငံ ၁၅ နိုင်ငံမှ ကျောင်းသားပေါင်း ၄၀၀ ကျော် ပါဝင်တဲ့ ၄၈ နာရီအတွင်း တီထွင်မှု လုပ်ပြရတာပါ။ ဒီပွဲမှာ ကမ္ဘာ့စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများ ၊ စွန့်ပစ်ပစ္စည်း စီမံမှုနဲ့ဆေးပညာရပ်ဆိုင်ရာ ပြဿနာများကို နည်းပညာနဲ့ဖြေရှင်းရတာ ဖြစ်ပါတယ်။

         မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် (UT-YCC) ကျောင်းသား ၅ ဦးဖြစ်တဲ့ ဗန်လာရုအဒ် ၊ သီရိကိုကို ၊ ဟိန်းဒွေးဆန် ၊ ထက်ဝေလင်းနဲ့ နှောင်းသက်ထားဝေတို့ဟာ Edu-LIGHTER နာမည်နဲ့ဝင်ပြိုင်ခဲ့တာ ဖြစ်ပြီး မိသားစုသုံး လျှပ်စစ်ထုတ်နိုင်တဲ့ အပ်ချုပ်စက်တစ်လုံးကို ပြိုင်ပွဲမှာ ပြသခဲ့တာပါ။ ဒီပွဲမှာ ပထမဆုကို အိမ်ရှင်တက္ကဆက်တက္ကသိုလ်မှ Illumi-Nite အသင်းမှ ရရှိခဲ့ပြီး Team Edu-LIGHTER က ဒုတိယဆု ရခဲ့တာ ဖြစ်ပါတယ်။



         ပြိုင်ပွဲမှာ ပြသတဲ့ အပ်ချုပ်စက်နမူနာဟာ ၂၂ ဒေါ်လာ ကျသင့်ခဲ့တယ်လို့လည်း သိရပါတယ်။ အနိုင်ရ အသင်းနှစ်သင်းဖြစ်တဲ့ တက္ကဆက်နဲ့ရတာပုံ ကျောင်းအသင်းတို့ဟာ သြစတင်မှာ ကျင်းပတဲ့ VentureWell 2018 OPEN Minds မှာ သူတို့ရဲ့ တီထွင်မှုကို ပူးတွဲ သရုပ်ပြသခဲ့ပြီး ဆုကြေး ဒေါ်လာ ၃၀၀ ရခဲ့တာပါ။ Illumi-Nite အသင်းကတော့ ပလတ်စတစ် ရေဗူးတွေလို စွန့်ပစ်ပစ္စည်းတွေသုံးပြီး LED မီးတွေ ထွင်ပြီး Edu-LIGHTER အသင်းကတော့ လျှပ်စစ်ထုတ်လုပ်တဲ့ စနစ်ကို တီထွင်တာ ဖြစ်ပါတယ်။

         ကျောင်းသားတွေရဲ့ သိပ္ပံသုတေသန ထုတ်ကုန်တွေကို ဈေးကွက်တင်ဖို့နှစ်စဉ်ကျင်းပနေကျ VentureWell 2018 OPEN Minds ပြပွဲနေ့မှာ တက်ရောက်လာသူများမှ ဒီအသင်းနှစ်သင်းပေါင်းထားတဲ့ ထုတ်ကုန်အတွက် ရန်ပုံငွေ Venture Bucks ဒေါ်လာ ၃ သန်း ပေးခဲ့ပြီး အခမ်းအနားရုပ်သိမ်းချိန်မှာ အမေရိကန်-မြန်မာ ကျောင်းသားအဖွဲ့ဟာ စုစုပေါင်း Venture Bucks အဖြစ် ဒေါ်လာ ၇၅ သန်း ရရှိခဲ့တယ်လို့VentureWell ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Venture Bucks ဆိုတာကတော့ တကယ့်ငွေကြေးအစစ်အမှန်ရရှိတာမျိုး မဟုတ်ပဲ ဒီတီထွင်မှုအပေါ်မှာ ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေက မဲပေးပြီးတော့ ရွေးချယ်တဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။ သူတို့ရဲ့ တီထွင်မှုအပေါ်မှာ လူအများအပြားက စိတ်ဝင်စားတယ်ဆိုတဲ့ သဘောကိုဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo: medium

         ၂၀၁၇ နှစ်ကလည်း FIRST Global Robotics Challenge နာမည်နဲ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ အသင်းပေါင်း ၁၆၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကို ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အသင်းမှ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင် စုစုပေါင်း ၅၈၄ မှတ် ရခဲ့ပြီး ဆဌမချိတ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က