လစဉ်သုံးစွဲသူ ၁၇ သန်း ရှိလာခဲ့ပါတယ်

ပြည်တွင်း အကြီးဆုံးမိုဘိုင်းငွေကြေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ Wave Money ဟာ ပြီးခဲ့တဲ့နှစ်အတွင်း မိုဘိုင်းငွေကြေးကဏ္ဍမှာ ထူးခြားတဲ့ မှတ်တမ်းကောင်းတွေ စိုက်ထူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Wave Money ပလက်ဖောင်းပေါ်ကနေ ၂၀၁၉ တစ်နှစ်တာအတွင်း ငွေကြေးလွှဲပြောင်းမှု ပမာဏဟာ ၂၀၁၈ ခုနှစ်မှာ လွှဲပြောင်းခဲ့တဲ့ ကျပ်ငွေ ၂ ထရီလီယံထက် ၃ ဆကျော် မြင့်မားပြီး မြန်မာကျပ်ငွေ ၆.၄ ထရီလီယံ (ဒေါ်လာ ၄.၃ ဘီလျံ) ရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: investvine


Wave Money ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၉၄ မြို့နယ်မှာ ကိုယ်စားလှယ်(အေးဂျင့်) များ ထားရှိထားပြီး လက်ရှိမှာ ကိုယ်စားလှယ်ဆိုင်ပေါင်း ၅၆၀၀၀ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။ ၂၀၁၈ ခုနှစ်က ကိုယ်စားလှယ်ဆိုင်များအတွက် ကော်မရှင်က မြန်မာကျပ်ငွေ ၁၉ ဘီလျံပေးခဲ့ရာကနေ ၂၀၁၉ မှာတော့ ကျပ်ငွေ ၅၅ ဘီလျံ (ဒေါ်လာ၃၇ သန်း) အထိ ပေးအပ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Wave Money ငွေကြေးဝန်ဆောင်မှုကို လစဉ်အသုံးပြုကြသူ ဦးရေဟာ ၂၀၁၉ ခုနှစ်မှာ ၂ ဆကျော် မြင့်တက်လာခဲ့ပြီး ၁၇ သန်းအထိ ရှိလာပြီလို့ ဆိုပါတယ်။ လက်ရှိမှာ Wave Money ဟာ တစ်နိုင်ငံလုံးရဲ့ ၈၉% ကို မိုဘိုင်းငွေကြေးဝန်ဆောင်မှု လွှမ်းခြုံပေးအပ်နေတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်က စတင်ကာ ၃ လကို ၇၀% နဲ့ လုပ်ငန်းတိုးတက်လာနေတယ်လို့ သိရပါတယ်။

Photo: Nikkei Asian Review

ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းမှာ First Myanmar Investment (FMI) အများပိုင် ကုမ္ပဏီလီမိတက်ပိုင် Wave Money အစုရှယ်ယာ ၁၀% ကို Yoma Strategic Investments Ltd (YSIL) မှ ဒေါ်လာ ၆ သန်း တန်ဖိုးသတ်မှတ်ပြီး ဝယ်ယူရန် သဘောတူညီမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ သဘောတူညီမှုမှာတော့ Wave Money ရဲ့ လုပ်ငန်းအစုစု တန်ဖိုးကို ဒေါ်လာ ၅၉.၉၂ သန်း တန်ဖိုးသတ်မှတ်ခဲ့တာပါ။

Wave Money (Digital Money Myanmar ကုမ္ပဏီလီမီတက်) ကို FMI group က ၁၀ % ၊ Yoma Bank က ၅ % ၊ Yoma Strategic Holdings (YSH) က ၃၄ % နဲ့ Telenor ကုမ္ပဏီအဖွဲ့က ၅၁% ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အစုရှယ်ယာရောင်းဝယ်မှု ပြီးပြတ်သွားချိန်မှာ Wave Money ကို Yoma Strategic က ၄၄% ၊ Yoma Bank က ၅% နဲ့ Telenor Group က ၅၁% ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က