တရုတ်စမတ်ဖုန်းကုမ္ပဏီတွေလည်း 6G သုတေသနလုပ်နေပါတယ်

5G ကွန်ရက်ကို အားလုံး မသုံးနိုင်သေးပေမယ့် Samsung ကတော့ 6G ကို အားလုံး သုံးနိုင်မယ့် အချိန်ပါ ခန့်မှန်းလိုက်ပြီ ဖြစ်ပါတယ်။

Samsung Electronics ဟာ ဆဌမမျိုးဆက် ကွန်ရက်နည်းပညာကို ၂၀၂၈ ခုနှစ်မှာ စီးပွားဖြစ် မိတ်ဆက်နိုင်ပြီး ၂၀၃၀ မှာ လူတိုင်းအသုံးပြုနိုင်ဖို့ ရှိတယ်လို့လည်း မျှော်လင့်နေကြောင်း Gizmochina သတင်းက ဆိုပါတယ်။ "အားလုံးအတွက် လာမယ့် Hyper ချိတ်ဆက်မှုအတွေ့အကြုံ" နာမည်နဲ့ ထုတ်ပြန်တဲ့ Samsung ရဲ့ စက္ကူဖြူစာတမ်းမှာ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ 




Photo: gizmochina

"5G စီးပွားဖြစ် သုံးနိုင်ဖို့က အခုမှ အစပျိုးတဲ့ ကာလဆိုပေမယ့် 6G အတွက် ပြင်ဆင်ထားဖို့ ဘယ်တော့မှ စောတယ်ဆိုတာ မရှိပါဘူး။ မျိုးဆက်သစ် ကွန်ရက်နည်းပညာတစ်ခုကို သုတေသနလုပ်ငန်းတစ်ခုကနေ စီးပွားဖြစ် သုံးနိုင်တဲ့အထိ သွားဖို့ဆိုတာ ၁၀ နှစ်ဝန်းကျင် ကြာနိုင်တာကြောင့်ပါ" လို့ Samsung ရဲ့ အဆင့်မြင့် ဆက်သွယ်ရေးသုတေသနစင်တာ အကြီးအကဲ ဆောင်ဟွန်းချွိုင်က ဆိုပါတယ်။

ဒီစာတန်းထဲမှာ 6G ကွန်ရက်အတွက် ကုမ္ပဏီရဲ့ မျှော်မှန်းချက်တွေ ပါဝင်ပါတယ်။ Samsung Electronics ဟာ 6G မိုဘိုင်းကွန်ရက်နည်းပညာ ဖွံ့ဖြိုးရေးပိုင်းအတွက် သုတေသနတွေ လုပ်နေပြီး Nokia ၊ Ericsson တို့နဲ့လည်း ပူးပေါင်းထားပါတယ်။ Samsung ရဲ့ သုတေသနအဖွဲ့ဟာ 6G နည်းပညာနဲ့ စံနှုန်းသတ်မှတ်မှုကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Samsung ဟာ ကမ္ဘာ့ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 5G ကို ပြီးခဲ့တဲ့နှစ် ဧပြီလဆန်းပိုင်းမှာ ကြေညာခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး 5G Solutions သစ်တွေနဲ့စီးပွားရေးလုပ်ငန်းသစ်တွေ ဖော်ဆောင်ဖို့လုပ်နေပါတယ်။ 5G ရဲ့ နောက်မျိုးဆက်လို့ဆိုရမယ့် 6G ကွန်ရက်ဟာ 5G ထက် လှိုင်းလွှတ်တဲ့နှုန်းဟာ ၁၀ ဆကျော်ပိုမြန်ပြီး download speed အမြင့်ဆုံးအနေနဲ့ တစ်စက္ကန့်ကို 1000Gbps အထိ ရှိမယ်လို့ဆိုပါတယ်။ 


Photo: Tech Spot

အရင်က 2G ကွန်ရက်ကနေ 3G ကူးပြောင်းဖို့အတွက် ၁၅ နှစ် ကြာခဲ့ပြီး နောင် ၈ နှစ် အကြာမှာ 5G ကို အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ၂၀၁၈ နှစ်ဆန်းပိုင်းမှာ 6G Wireless နည်းပညာကို စတင်သုတေသနလုပ်နေပြီး လာမယ့် ၂၀၃၀ မှာ စီးပွားဖြစ် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။  

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei ၊ Vivo နဲ့ Xiaomi တို့လည်း 6G နည်းပညာ သုတေသနလုပ်‌ဆောင်နေကြောင်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က