5G ဖုန်းချည်း အလုံး‌ရေ ၆.၉ သန်း‌ရောင်းချနိုင်ခဲ့ပါတယ်

ပြဿနာတွေ ရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်အတွင်း Huawei စမတ်ဖုန်းရောင်းအားဟာ ၂၀၁၈ ခုနှစ် ရောင်းအားရလဒ်တွေထက် ကျော်တက်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ဟာ ကနဦးက ၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၂၅၀ ရောင်းချနိုင်ဖို့ ရည်မှန်းချက်ထားခဲ့တာပါ။ PlayFulDroid ရဲ့ သတင်းမှာ Huawei ဟာ ပြီးခဲ့တဲ့နှစ်အတွင်း စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ ကျော်ကို ကမ္ဘာ့ဈေးကွက်မှာ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။




Photo: GSMArena

ဒီပမာဏဟာ ၂၀၁၈ ခုနှစ်က Huawei ရဲ့ စမတ်ဖုန်းရောင်းအား ၂၀၆ သန်းထက် စုစုပေါင်း ၃၄ သန်းကျော် ပိုများခဲ့တာ ဖြစ်ပါတယ်။ Huawei ရဲ့ လက်ရှိ ဥက္ကဌဖြစ်တဲ့ ရှုဇီယန်းရဲ့ အဆိုအရ Huawei စမတ်ဖုန်းရောင်းအားမှာ P30 နဲ့ Mate 30 စီးရီးတွေရဲ့ ရောင်းအားကောင်းမှုကလည်း အဓိက ကျခဲ့တယ်လို့ ဆိုပါတယ်။

Huawei P နဲ့ Mate စီးရီးသစ်တွေရဲ့ ၂၀၁၉ ခုနှစ်အတွင်း ရောင်းအားဟာ ဒီအရင့်နှစ်ကထက် ၅၀% ပိုတက်လာခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် Google apps နဲ့ services တွေ မပါတော့တဲ့ Huawei Mate 30 ဖုန်းသစ်တွေဟာ ကမ္ဘာအနှံ့မှာ စုစုပေါင်း အလုံးရေ ၁၂ သန်း ရောင်းချနိုင်ခဲ့ပြီး 5G စမတ်ဖုန်းတွေကချည်း စုစုပေါင်း အလုံးရေ ၆.၉ သန်း ရောင်းချနိုင်ခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွင်း ရတဲ့ ဝင်ငွေ ယွမ် ၈၅၀ ဘီလျံ ( ဒေါ်လာ ၁၂၃.၅ ဘီလျံ) ဟာ ၂၀၁၈ ကထက် ၁၈% ပိုများပေမယ့် နှစ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာတော့ လျာထားချက်အောက် မှာ ရှိနေပါတယ်။ အန်းဒရိုက်လိုင်စင် ရုပ်သိမ်းခံရမှုနဲ့ အမေရိကန်ဈေးကွက်ကနေ ပိတ်ပင်ခံရမှုကြောင့် Huawei ဟာ ၂၀၁၈ ခုနှစ်ကထက် ဈေးကွက်ဖွံ့ဖြိုးမှု အနည်းငယ်ကျဆင်းခဲ့ပါတယ်။

Huawei တည်ထောင်သူ ရန်ဇီဖိန်းကတော့ Google ရဲ့ ပံ့ပိုးမှု မပါလည်း Huawei ဟာ နံပါတ်တစ် စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ဈေးကွက် ကန့်သတ်မှု ဆက်ရှိနေမယ်ဆိုရင် ၂၀၂၀ ဟာ Huawei အတွက် ပိုမိုခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က