Lockdown အမိန့်ထုတ်ထားပါတယ်
Nyein Min Wai

ကိုရိုနာဗိုင်းရပ် ကူးစက်မှု ကန့်သတ်ဖို့ Xiaomi ၊ Samsung ၊ OPPO ၊ Vivo ၊ Motorola နဲ့ LG တို့ဟာ သူတို့ရဲ့ စမတ်ဖုန်းစက်ရုံတွေ ယာယီပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်မှု ဟန့်တားဖို့အတွက် အိန္ဒိယပြည်နယ်တွေမှာ အဝင်အထွက် ပိတ်ချထားဖို့ အမိန့်တွေ ထုတ်ထားကြပါတယ်။ ဒီအခြေအနေကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီး ဖြစ်တဲ့ အိန္ဒိယဈေးကွက်မှာ စမတ်ဖုန်းထုတ်လုပ်မှုများ ရပ်ဆိုင်းထားဖို့ ဖြစ်လာတယ်လို့ The Next Web သတင်းက ဆိုပါတယ်။




Photo: thenextweb

အိန္ဒိယမှာ စမတ်ဖုန်းစက်ရုံလာတည်ကြတဲ့ Samsung ၊ Vivo ၊ OPPO နဲ့ LG တို့ဟာ ဖုန်းစက်ရုံတွေ ပိတ်သိမ်းနေတယ်လို့ ပြောထားပါတယ်။ အိန္ဒိယနိုင်ငံ နိုအီဒါမှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းစက်ရုံတည်ထားတဲ့ Samsung ကတော့ ဒီစက်ရုံကို မတ်လ ၂၅ ရက်နေ့အထိ ထုတ်လုပ်မှု ရပ်ထားမယ်လို့ ဆိုပါတယ်။

Economic Times က လာတဲ့ သတင်းအရ OPPO နဲ့ Vivo တို့လည်း စက်ရုံလည်ပတ်မှုကို မတ်လ ၂၅ ရက်နေ့အထိ ပိတ်ချထားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ LG ဟာ အိန္ဒိယနိုင်ငံအတွင်းက စက်ရုံနှစ်ရုံကို မတ်လကုန်တဲ့အထိ ထုတ်လုပ်မှု ယာယီရပ်နားသွားမယ်လို့ ဆိုပါတယ်။ Xiaomi ကလည်း နိုင်ငံ့အာဏာပိုင်တွေရဲ့ Lockdown အမိန့်ကို လိုက်နာသွားမယ်လို့ ထုတ်ပြန်ပါတယ်။


Photo: firstpost

"ကော်ပိုရိတ်ရုံးတွေ ၊ service center တွေ ၊ Mi Home စတိုးနဲ့ စက်ရုံတွေဟာ အဝင်အထွက်ပိတ်တဲ့ Lockdown အမိန့်အတိုင်း လိုက်နာမှာပါ။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ နာရီနဲ့အမျှ အခြေအနေအရပ်ရပ်ကို စောင့်ကြည်နေပါတယ်။" လို့ Xiaomi ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Lenovo ပိုင် Motorola ကလည်း စမတ်ဖုန်းစက်ရုံတွေ ပိတ်ထားမယ်လို့ ဆိုပေမယ့် ဘယ်အချိန်အထိ ပိတ်ထားမလဲဆိုတာ မပြောသေးပါဘူး။ COVID-19 ရောဂါဘေးဟာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုပေါ် သက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း စမတ်ဖုန်းတင်ပို့မှုဟာ ၃၈% အထိ ကျဆင်းခဲ့ပြီး သမိုင်းမှာ အကြီးဆုံး ရောင်းအားထိုးကျမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က