Stories ကြော်ငြာတွေကနေ ဝင်ငွေပိုရလာပါတယ်။
Nyein Min Wai

တတိယသုံးလပတ် ဝင်ငွေရှင်းတမ်းထွက်လာပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ Facebook ရဲ့ စတော့ရှယ်ယာဟာ ထိုးတက်လာခဲ့ပါတယ်။


ဈေးကွက်ကျွမ်းကျင်သူတွေ မှန်းထားတာထက် ဝင်ငွေရမှု ကျော်လွန်ခဲ့တာကြောင့် Facebook ရဲ့ ရှယ်ယာတန်ဖိုးဟာ နာရီပိုင်းအတွင်း ၃% ကျော် တက်လာခဲ့တာ ဖြစ်တယ်လို့CNBC သတင်းက ဖော်ပြထားပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ စာရင်းပိတ်ခဲ့တဲ့ Facebookရဲ့ တတိယသုံးလပတ် ဘဏ္ဍာရေးရှင်းတမ်းမှာ ကုမ္ပဏီဟာ ဝင်ငွေဒေါ်လာ ၁၇.၆၅ ဘီလျံ ရခဲ့တယ်လို့ဆိုပါတယ်။

Photo: The Motley Fool

ဒါဟာ Refinitiv ဈေးကွက်လေ့လာရေးအဖွဲ့က ခန့်မှန်းထားတဲ့ ဝင်ငွေဒေါ်လာ ၁၇.၃၇ ဘီလျံထက် ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။ Refinitiv ဟာ Facebook ရဲ့ ရှယ်ယာတစ်စုတန်ဖိုးကို ၁.၉၁ ဒေါ်လာနဲ့ဖြတ်ခဲ့ပေမယ့် ၂.၁၂ ဒေါ်လာ ပေါက်ခဲ့ပါတယ်။ Facebook ကို နေ့စဉ် သုံးနေတဲ့ active users အရေအတွက်ဟာလည်း FactSet က ခန့် မှန်းခဲ့တဲ့ ၁.၆၁ ဘီလျံထက် ပိုများခဲ့ပြီး ၁.၆၂ ဘီလျံ ရှိခဲ့တယ်လို့အစီရင်ခံစာက ဆိုပါတယ်။

လစဉ် Facebook ပုံမှန်သုံးသူဦးရေဟာ ၂.၄၅ ဘီလျံ ရှိခဲ့ပြီး တတိယသုံးလပတ်အတွင်း လူတစ်ဦးချင်းစီကနေ ရခဲ့တဲ့ ဝင်ငွေဟာ ပျမ်းမျှ ၇.၂၆ ဒေါ်လာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ Facebook ဟာ ယခုနှစ် အစောပိုင်းက စလို့ဝင်ငွေတိုးတက်မှုနှုန်း ၂၉% ရှိခဲ့ပြီး Stories နဲ့Instagram တို့ကနေ ကြော်ငြာဝင်ငွေလည်း ပိုရရှိခဲ့တယ်လို့ဆိုပါတယ်။

Facebook ဟာ News Feed ကနေ ကြော်ငြာဝင်ငွေ ရှာတဲ့အပိုင်းကနေ ၂၄ နာရီအထိ လူမှုကွန်ရက်ပေါ် ရှိမယ့် ဓါတ်ပုံနဲ့ဗွီဒီယိုတိုတွေ တင်နိုင်တဲ့ Stories ထဲမှာ ကြော်ငြာရောင်းလာပါတယ်။ Facebook ရဲ့ အဆိုအရ Facebook ၊ Instagram ၊ WhatsApp နဲ့Messenger တို့ပေါ်က Stories features တွေကို နေ့စဉ် သုံးစွဲနေသူ သန်း ၅၀၀ ကျော်လာပြီလို့ဆိုပါတယ်။

" ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ သုံးလပတ်ကာလပါ။ ကျွန်တော်တို့အသိုင်းအဝိုင်းနဲ့စီးပွားရေးကလည်း တိုးတက်နေဆဲပါပဲ။" လို့Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ "ကျွန်တော်တို့ကတော့ အဓိက လူမှုရေးပြဿနာတွေကို ပိုပြီးဖြေရှင်းဖို့နဲ့ကမ္ဘာအရပ်ရပ်က လူတွေရဲ့ ဘဝကို ပိုကောင်းမွန်စေမယ့် အတွေ့အကြုံသစ်တွေ တည်ဆောက်ဖို့အာရုံစိုက်နေပါတယ်။"


Photo: CNBC

ဥရောပမှာ ရှိတဲ့ Facebook ကို နေ့စဉ် သုံးစွဲနေသူဦးရေဟာ ပြီးခဲ့တဲ့ သုံးလပတ်က ၂၈၆ သန်း ရှိခဲ့ရာကနေ အခုဆို ၂၈၈ သန်း အထိ တိုးလာပြီဖြစ်သလို အမေရိကန်နဲ့ကနေဒါက နေ့စဉ် သုံးစွဲသူအရေအတွက်ဟာ ၁၈၇ သန်းကနေ ၁၈၉ သန်း တက်လာခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။


ဝင်ငွေရလဒ်ကောင်းတွေ ရထားပေမယ့် နိုင်ငံရေးကြော်ငြာ ads ခွင့်ပြုမှုပေးမယ့် Facebook ရဲ့ ဆုံးဖြတ်ချက်အပေါ် ဥပဒေပြုအဖွဲ့အစည်းတွေအပြင် Facebook ဝန်ထမ်းတွေကပါ ဝေဖန်မှု ရှိနေကြပါတယ်။


က္က