အကြိမ်ပေါင်း ၂ ဒါဇင်လောက် နှောင့်ယှက်ဖျက်ဆီးခံခဲ့ရတာပါ
Nyein Min Wai

     လမ်းပေါ်မှာ စမ်းသပ်ပြေးဆွဲကြည့်နေတဲ့ Waymo ရဲ့ မောင်းသူမဲ့ မီနီဗင်ကားတွေဟာ လူရမ်းကားတွေရဲ့ လက်ချက်နဲ့ခဏခဏ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Photo: ZDnet

         ၂၀၁၇ ခုနှစ်က စပြီး စမ်းသပ်မောင်းနှင်ကြည့်နေတဲ့ Waymo မောင်းသူမဲ့ကားတွေကို ဓါးနဲ့ခြစ်တာ ၊ ကျောက်ခဲနဲ့ပေါက်တာ ၊ PVC ပိုက်တွေ ရိုက်နှက်သွားတာမျိုး အကြိမ် ၂၀ လောက် ကြုံခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်လို့New York Times က ရေးသားထားပါတယ်။

         တစ်ခါတစ်လေ ကားနဲ့သေနတ်နဲ့လာပြီး ခြိမ်းခြောက်သွားတဲ့ သူတွေပါ ရှိခဲ့ပြီး တစ်ခါမှာတော့ တစ်ဘက်ကားသမားက ခေါင်းချင်းဆိုင်ပြီး တည့်မောင်းလာလို့ဘေးချပြီး ရပ်လိုက်ရတယ်လို့ဆိုပါတယ်။ Waymo မောင်းသူမဲ့ကားတွေမှာ အကူအနေနဲ့ဘေးက စောင့်ကြည့်ဖို့ယာဉ်မောင်းတစ်ယောက်ထည့်ပေးထားပြီး ဒီလို ဖြစ်ရပ်တွေနဲ့ကြုံတိုင်း manual mode နဲ့ကားကို မောင်းပြေးရတာတွေ ရှိတယ်လို့ဆိုပါတယ်။

         ခရီးသည်ထိုင်ခုံမှာ လိုက်ပါလာတဲ့ ယာဉ်မောင်းဟာ ဒီလိုအဖြစ်မျိုးနဲ့ကြုံပေမယ့် ရဲကို ခေါ်လေ့မရှိဘူးလို့ဆိုပါတယ်။ အကြောင်းကတော့ ဒီယာဉ်မောင်းတွေကို အခုလို အကြမ်းဖက်မှုမျိုးမှာ ရင်ဆိုင်တတ်စေဖို့လေ့ကျင့်ထားတာကလည်း တစ်ကြောင်းပါ။ ဒါ့အပြင် Waymo ကလည်း ဒီလိုရမ်းကားမှုမျိုးကို တရားမစွဲဖို့ဆုံးဖြတ်ထားတာကြောင့် ဖြစ်ပါတယ်။

         "ဘေးကင်းဖို့ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ယာဉ်မောင်းတွေ ၊ ခရီးသည်တွေအတွက်ရော အများပြည်သူအတွက် ဘေးကင်းဖို့ကပါ ကျွန်တော်တို့ရဲ့ ထိပ်တန်း ဦးစားပေးပါ။" လို့ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အလက်ဆစ် ဂျော်ဂျီဆန်က ဆိုပါတယ်။

         ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ မောင်းသူမဲ့ကား စမ်းသပ်ကြည့်နေတဲ့ Waymo ယာဉ်မောင်းကို သေနတ်ကိုင်လူရမ်းကားတစ်ဦးက ခြိမ်းခြောက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ဒီအမှုကို ရဲတိုင်ဖို့Waymo ဟာ ရက်အတော်ကြာကြာ ချိန်ဆခဲ့တာပါ။ Waymo ဟာ အမေရိကန်ပြည်ထောင်စု တနံတလျား မြို့ပေါင်း ၂၅ မြို့မှာ Chrysler Pacifica Hybrid မီနီဗင် မောင်းသူမဲ့ ကားအစီးရေ ၆၀၀ ခန့်နဲ့စမ်းသပ်မောင်းနှင်နေခဲ့ ဖြစ်ပါတယ်။

Photo: CNET

         ၂၀၁၈ ဒီဇင်ဘာမှာတော့ Waymo ရဲ့ အလိုအလျောက်မောင်း တက္ကစီတွေကို အရီဇိုးနားပြည်နယ် ၊ ဖီးနစ်မြို့နဲ့တစ်ဝိုက်က မြို့တွေ ဖြစ်တဲ့ ချန်ဒလာ ၊ တန်ပီ ၊ မီဆာနဲ့ဂီလ်းဘတ်တို့မှာ ငှားရမ်းစီးနင်းနိုင်ပြီလို့ကြေငြာခဲ့ပါတယ်။ 


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က