Nyein Min Wai

Facebook ပိုင် စာပို့ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ WhatsApp ဟာ ငွေပေးငွေချေဝန်ဆောင်မှုကို ဘရာဇီးမှာ ပထမဆုံးစတင်လိုက်ပြီ ဖြစ်ပါတယ်။

WhatsApp ဟာ အိန္ဒိယမှာ Beta Version အနေနဲ့ ငွေပေးချေမှုစနစ်ကို စတင်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးမှာ မိတ်ဆက်လိုက်တဲ့ ငွေပေးချေမှုဟာ Facebook Pay နည်းပညာ သုံးထားပြီး ငွေပေးချေမှုကိုတော့ ဘရာဇီးမှ FinTech ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cielo နဲ့ လက်တွဲလုပ်ဆောင်တာပါ။ ကုမ္ပဏီဟာ ဒေသတွင်းကုန်သည်တွေနဲ့ ဖောက်သည်များ ချိတ်ဆက်ပြီး စကားပြောဆိုနိုင်ဖို့နဲ့ လွယ်ကူစွာ ငွေလွှဲငွေချေနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Photo : The Verge


လောလောဆယ်မှာတော့ သာမန်သုံးစွဲသူများအတွက် ကော်မရှင်ခပေးစရာ မလိုဘဲ သုံးနိုင်မှာ ဖြစ်ပြီး လုပ်ငန်းသုံးငွေချေမှုအတွက် ၃.၉၉% ကောက်ခံသွားမယ်လို့ Tech Crunch သတင်းက ဖော်ပြထားပါတယ်။ ငွေလွှဲပြောင်းမှုလုပ်ဖို့အတွက် ဂဏန်း ၆ လုံးပါ PIN နံပါတ် သို့မဟုတ် လက်ဗွေတစ်ခု သုံးပြီး လုပ်နိုင်မှာပါ။ WhatsApp ငွေပေးချေမှု သုံးဖို့အတွက် ကိုယ့်ရဲ့ WhatsApp အကောင့်ကို Visa ၊ Mastercard Credit/Debit Card တစ်ခုခုနဲ့ ချိတ်ဆက်ပြီး သုံးရမှာ ဖြစ်ပါတယ်။

"ဒီနေ့ပဲ WhatsApp ပေါ်မှာ ငွေပေးချေမှုတွေကို ဘရာဇီးနိုင်ငံက လူတွေ အသုံးပြုနိုင်အောင် ဖြန့်ချိလိုက်ပါတယ်။ ရှေ့ဆက်ပြီး လူတိုင်းဆီ ‌ရောက်အောင် လုပ်ဆောင်သွားမှာပါ။" လို့ WhatsApp ရဲ့ ဘလော့ဂ်မှာ ထုတ်ပြန်ပါတယ်။


Photo: wersm

WhatsApp အနေနဲ့ Banco do Brasil ၊ Nubank နဲ့ Sicredi စတဲ့ ဒေသတွင်းဘဏ်လုပ်ငန်းတွေမှာ သုံးတဲ့ debit/credit ကတ်များလည်း ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ ဘရာဇီးဟာ အိန္ဒိယပြီးရင် WhatsApp ရဲ့ အကြီးဆုံးဈေးကွက်တစ်ခု ဖြစ်ပြီး လစဉ်သုံးစွဲသူ သန်း၁၂၀ ရှိပါတယ်။ အိန္ဒိယမှာတော့ WhatsApp လစဉ်သုံးစွဲသူ သန်း ၄၀၀ အထိ ရှိနေတာလည်း ဖြစ်ပါတယ်။

Facebook ဟာ ၂၀၁၄ ခုနှစ်ထဲမှာ WhatsApp ကို ဒေါ်လာ ၁၉ ဘီလျံခန့် ပေးပြီး ဝယ်ယူခဲ့တာပါ။ ဖေဖော်ဝါရီလအထိ WhatsApp စာပို့ဝန်ဆောင်မှုကို ကမ္ဘာအရပ်ရပ်မှာ သုံးစွဲသူ သန်း ၂ ထောင်ကျော် ရှိလာခဲ့ပါတယ်။ WhatsApp အတွင်း ငွေပေးချေတဲ့ feature ကို ၂၀၁၈ ခုနှစ်က စပြီး အိန္ဒိယမှာ စတင်စမ်းသပ်ခဲ့တာပါ။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Facebook CEO မတ်ခ်ဇူကာဘတ်မှ WhatsApp Pay ကို လာမယ့် ၆ လအတွင်း နိုင်ငံအများအပြားဆီ ဖြန့်ချိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 


Author


က္က