Status feature ထဲမှာ ‌ads ‌တွေ ထည့်သွားဖို့ ရည်ရွယ်ထားပါတယ်

Facebook ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် စာပို့ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ WhatsApp ထဲမှာ ကြော်ငြာ ads တွေ ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် ဒီအစီအစဉ်ကို ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ကြာသာပတေးနေ့က The Wall Street Journal သတင်းမှာ ဒီအကြောင်းကို ဖော်ပြခဲ့တာပါ။ Wall Street Journal သတင်းအရ Facebook ဟာ WhatsApp ရဲ့ Status feature ထဲမှာ ads တွေ ထည့်သွင်းသွားဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပြီး လက်ရှိအချိန်ထိတော့ WhatsApp ဟာ ကြော်ငြာကင်းတဲ့ app တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။



Photo: techjaja

ပြီးခဲ့တဲ့ လအနည်းငယ်က WhatsApp ဟာ ကုမ္ပဏီရဲ့ ပလက်ဖောင်းအတွင်း ads တွေ ပေါင်းစည်းဖို့ နည်းလမ်းရှာနေတဲ့ အဖွဲ့ကို ဖျက်သိမ်းခဲ့တယ်လို့ Wall Street Journal နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ ဒီအဖွဲ့လုပ်ဆောင်ထားတဲ့ လှုပ်ရှားမှုတွေကိုလည်း WhatsApp ရဲ့ code ကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

WhatsApp မှာ ads ရောင်းမယ့် ကိစ္စကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ WhatsApp ပူးတွဲတည်ထောင်သူ ဂျန်ကိုအမ်ဟာ ကုမ္ပဏီကနေ ထွက်ခွာခဲ့ပါတယ်။ ၂၀၁၈ မေလထဲမှာ ဂျန်ကိုအမ်ဟာ WhatsApp ရဲ့ end-to-end encryption နည်းပညာကို အားနည်းစေမယ့် သုံးစွဲသူအချက်အလက်ရယူတဲ့ Facebook ရဲ့ မူဝါဒပေါ် သဘောထား ကွဲလွဲပြီး ရာထူးက နှုတ်ထွက်ခဲ့တာပါ။

WhatsApp ဟာ privacy ကို ဦးစားပေးပြီး မက်ဆေ့ပို့ဆက်သွယ်တဲ့ လူမှုကွန်ရက်အနေနဲ့ရပ်တည်ခဲ့တာ ဖြစ်ပေမယ့် ဒီကုမ္ပဏီကို ပိုင်ဆိုင်တဲ့ Facebook ကတော့ ငွေရှာဖို့အတွက် WhatsApp ရဲ့ မူဝါဒကို ပြောင်းလဲဖို့ဖိအားပေးခဲ့တာကြောင့် ဂျက်ကိုအမ် အလုပ်က ထွက်ခဲ့တာ ဖြစ်တယ်လို့The Washington Post သတင်းစာမှာ ဖော်ပြထားပါတယ်။

Facebook ဟာ ၂၀၁၄ ခုနှစ်မှာ WhatsApp ကို ဒေါ်လာ ၁၉ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီး ၂၀၁၈ မှာတော့ WhatsApp တည်ထောင်သူနှစ်ဦးစလုံး ကုမ္ပဏီက ထွက်ခွာခဲ့ပါတယ်။ WhatsApp ကို ၂၀၀၉ ခုနှစ်မှာ Yahoo ကုမ္ပဏီ ဝန်ထမ်းတွေ ဖြစ်တဲ့ ဂျန်ကိုအမ်နဲ့ ဘရိုင်ယန်အက်တန်တို့က တည်ထောင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က