ဒုတိယအကြိမ် လူလျှော့တာပါ
Nyein Min Wai

ကမ္ဘာကျော် Ride-Hailing ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Uber ဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ဝန်ထမ်းလျှော့မှုတစ်ခု လုပ်ခဲ့ပါတယ်။

ဒီတစ်ခါမှာ Uber ရဲ့ ထုတ်ကုန်နဲ့အင်ဂျင်နီယာအဖွဲ့တွေထဲက ဝန်ထမ်းပေါင်း ၄၃၅ ယောက်ကို အလုပ်လျှော့ခဲ့တာ ဖြစ်ပြီး ထုတ်ကုန်ဌာနက ဝန်ထမ်း ၁၇၀ နဲ့အင်ဂျင်နီယာဘက်မှ ၂၆၅ ဦး ပါဝင်ခဲ့တယ်လို့Tech Crunch သတင်းက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း Uber ဟာ ဈေးကွက်ရှာဖွေရေးဘက်က ဝန်ထမ်းပေါင်း ၄၀၀ ကို အလုပ်ဖြုတ်ခဲ့တာပါ။

Photo: techcrunch


ဒုတိယအကြိမ် အလုပ်လျှော့လိုက်တဲ့ ဝန်ထမ်းအရေအတွက်ဟာ အဖွဲ့အစည်းတစ်ခုလုံး ဝန်ထမ်းအင်အားရဲ့ ၈% ခန့်ရှိတယ်လို့Tech Crunch က ဆိုပါတယ်။ အလုပ်လျှော့လိုက်တဲ့ ဝန်ထမ်းတွေရဲ့ ၈၅% ကျော်ဟာ အမေရိကန်က ဖြစ်ပြီး ကျန်တဲ့ ၁၀% ဟာ အာရှပစိဖိတ်နဲ့၅% ဟာ အရှေ့အလယ်ပိုင်းနဲ့အာဖရိက ဒေသတွေက ဝန်ထမ်းတွေ ဖြစ်တယ်လို့သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

" အခု အပြောင်းအလဲတွေပေါ်မှာ ကျွန်တော်တို့မျှော်လင့်တာကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်နည်းတွေကို အစကနေ ပြန်တည်ဆောက်ပြီး တိုးတက်စေဖို့ပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့အထိရောက်ဆုံး စီမံရှင်းဖြေရှင်းနိုင်စေဖို့တာဝန်ယူထားပါတယ်။" လို့ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ Uber ဟာ ကမ္ဘာအရပ်ရပ်က မြို့ကြီးတွေမှာ အချိန်ပြည့်ဝန်ထမ်းပေါင်း ၂၇၀၀၀ ကျော် ခန့်အပ်ထားပြီး လက်ရှိမှာ အရှုံးပြနေပါတယ်။

Photo: nbcbayarea

၂၀၁၉ ဒုတိယသုံးလပတ်အတွင်းမှာ Uber ဟာ ဒေါ်လာ ၅ ဘီလျံကျော် ဆုံးရှုံးခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ Uber အတွက် ဒါဟာ ကုမ္ပဏီသက်တမ်း တစ်လျှောက် အဆိုးဝါးဆုံး ဘဏ္ဍာရေးကာလ ဝင်ငွေဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ Uber ဟာ သြဂုတ်လဆန်းပိုင်းက စပြီး ထုတ်ကုန်နဲ့အင်ဂျင်နီးယာဌာနအတွက် ဝန်ထမ်းသစ် ခန့်အပ်မှု ရပ်နားထားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ Uber ဟာ ၂၀၁၆ ခုနှစ်က ခရီးသည်နဲ့ယာဉ်မောင်း ၅၇ သန်းရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် ဒေါ်လာ ၁၄၈ သန်း ပေးဆောင်ရဖို့ရှိသလို ယူကေနဲ့နယ်သာလန်နိုင်ငံသားတွေရဲ့ ကိုယ်ရေး အချက်အလက် ပေါက်ကြားမှုကြောင့်လည်း ဒေါ်လာ ၁.၁၇ သန်း ဒဏ်ကြေးဆောင်ရဖို့ရှိပါတယ်။


က္က