Twitter ၊ Square နဲ့ Facebook တို့ကတော့ အိမ်ကနေပဲ အမြဲတမ်းအလုပ်လုပ်ခွင့်ပေးထားပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် Google ဝန်ထမ်းတွေဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်အထိ ရုံးတက်စရာ လိုမှာ မဟုတ်ပါဘူး။

တနင်္လာနေ့မနက်က Google ကုမ္ပဏီ CEO ဆွန်ဒါပီချိုင်းရဲ့ ဝန်ထမ်းတွေကို အသိပေးတဲ့ အီးမေးလ်မှာ "ရုံးမှာ လာဖို့ မလိုတဲ့ ဝန်ထမ်းတွေအတွက် အိမ်ကနေ အလုပ်လုပ်နိုင်မယ့် အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းတိုးထားပါတယ်။" လို့ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ဟာ အရင်ကြေညာထားတဲ့ ၂၀၂၁ ဇန်နဝါရီမှာ ရုံးပြန်လာရမယ့် အစီအစဉ်ကို ပြန်ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။



Photo: News Opener


"ဒါ(အိမ်ကနေ အလုပ်လုပ်မှု သက်တမ်းထပ်တိုးခြင်း)က နောက်လာမယ့် ၁၂ လကျော်အတွင်း ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ချစ်သူတွေကို ပိုဂရုစိုက်နိုင်ပြီး အလုပ်နဲ့လည်း ဟန်ချက်ညီစေဖို့ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။" လို့ ပီချိုင်းက ဆိုပါတယ်။

The Wall Street Journal သတင်းအရ ဒီလို သက်တမ်းတိုးမှုဟာ အချိန်ပြည့်ဝန်ထမ်းများ ၊ စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများအပါအဝင် Alphabet ဝန်ထမ်းအင်အား ၂ သိန်းထဲက အားလုံးနီးပါးပေါ် သက်ရောက်မှု ရှိမယ်လို့ ဆိုပါတယ်။ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗျူးမှာ ရုံးချုပ်ထားရှိပြီး အမေရိကန် ၊ ယူကေ ၊ အိန္ဒိယ ၊ ဘရာဇီးနဲ့ တစ်ခြားနိုင်ငံတွေမှာလည်း ရုံးစိုက်ထားပါတယ်။

Photo: Halesowen News

ကပ်ရောဂါကူးစက်မှု နည်းပါးတဲ့ ဩစတြေးလျ ၊ ဂရိ နဲ့ ထိုင်းလို နိုင်ငံများမှာ ရှိတဲ့ ရုံးငယ်လေးတွေအပါအဝင် ကမ္ဘာအရပ်ရပ်က Google ရုံးပေါင်း ၄၂ ရုံးကို ပြန်ဖွင့်လှစ်ထားတယ်လို့လည်း CNN Business သတင်းက ဆိုပါတယ်။ Google ဟာ ဝန်ထမ်းများ အိမ်ကနေ အလုပ်လုပ်ဖို့ ထောက်ခံတဲ့ အဦးဆုံး ထောက်ခံတဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခု ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ မတ်လဆန်းကတည်းက Work From Home အစီအစဉ်ကို စတင်ခဲ့တာပါ။

Google ရဲ့ အရင်မှာ Twitter ၊ Square နဲ့ Facebook တို့ကလည်း ဝန်ထမ်းများ အမြဲတမ်း အိမ်ကနေ အလုပ်လုပ်နိုင်ဖို့ ခွင့်ပြုထားကြောင်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က