အချက်အလက်တွေအရပြောမယ်ဆိုရင် Twitter ဟာ ပြီးခဲ့တဲ့ မေနဲ့ဇွန် ၂ လအတွင်း တစ်ရက်ကို အကောင့်ပေါင်း ၁ သန်းကျော်တောင် ယာယီပိတ်သိမ်းခဲ့တယ်လို့ဆိုရမှာပါ။
photo:indianexpress
လွတ်လပ်စွာ ပြောရေးဆိုခွင့်မှာ သုံးစွဲသူများဘေးကင်းရေးဆိုတဲ့ ဦးတည်ချက်နဲ့Twitter ဟာ နှစ်လအတွင်း အကောင့်ပေါင်း သန်း ၇၀ ကျော်ကို စီစစ် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Twitter လစဉ်သုံးစွဲသူဦးရေရဲ့ ၂၀% လည်း ဖြစ်နေပါတယ်။ Washington Post သတင်းဌာနကို ပြောကြားရာမှာ Twitter ဟာ ဒီနှုန်းအတိုင်း ဇူလိုင်လမှာလည်း အကောင့်များကို ထပ်မံ ထိန်းသိမ်းပိတ်ပင် ဆိုင်းငံ့သွားမယ်လို့ဆိုပါတယ်။
Twitter ဟာ ဘေးကင်းရေးမူဝါဒခိုင်မာစေဖို့လည်း ကြိုးပမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ တစ်ပတ်ကို spam နဲ့ အလိုအလျောက် bot accounts ပေါင်း ၉.၉ သန်းကျော်ကို ခွဲခြားရတဲ့ စိန်ခေါ်မှုကိုလည်း ဖြေရှင်းသွားရဦးမယ်လို့ဆိုပါတယ်။ ၂၀၁၇ ဒီဇင်ဘာ တစ်လထဲမှာကို Twitter ဟာ bot account ပေါင်း ၆.၄ သန်းကျော် တွေ့ရှိပြီး ပယ်ဖျက်ခဲ့ရပါတယ်။
bot accounts တွေကို ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ ကာလမှာ အကြီးအကျယ် တွေ့ခဲ့တာပါ။ ရွေးကောက်ပွဲ နောက်ဆုံးအပတ် များအတွင်း ရုရှားဘက်မှ Twitter အကောင့်တု bot accounts ပေါင်း ၅ သောင်းကျော်ကနေ tweet ပေါင်း ၂ သန်းကျော် တင်ခဲ့တယ်လို့ဆိုပါတယ်။
အမေရိကန်လွှတ်တော်အသိုင်းအဝိုင်းဟာ ရုရှားနဲ့ဆက်စပ်တဲ့ သတင်းတုနဲ့ဝါဒဖြန့်ချိရာ ဖြစ်ခဲ့တဲ့ လူမှုကွန်ရက်များကို ဖိအားပေးနေတာကြောင့် Twitter ဟာ အခုလို အကောင့်ဖျက်သိမ်းတာ ၊ သတင်းတုတိုက်ဖျက်ရေး အရှိန်မြှင့်တာနဲ့မူဝါဒပိုခိုင်အောင် လုပ်တာတွေ ရှိလာတာပါ။
photo: phonearena
Twitter အကောင့်များ ဆက်တိုက်ပိတ်ခြင်းဟာ ကုမ္ပဏီရဲ့ ဈေးကွက်နဲ့ရှယ်ယာတန်ဖိုးတွေပါ ထိခိုက်ဖို့ရှိနေပါတယ်။လက်ရှိမှာ Twitter ကို လစဉ်သုံးစွဲသူ ဦးရေဟာ ၃၃၆ သန်းကျော်ပဲ ရှိထားတာ ဖြစ်ပြီး မကြာခင်မှာ Twitter သုံးစွဲသူပမာဏဟာ ထိုးကျသွားမယ်လို့ခန့်မှန်းနေကြပါတယ်။