Uber ကုမ္ပဏီကတော့ အခုလို ဆုံးဖြတ်တဲ့အပေါ် ကန့်ကွက်ထားပါတယ်။
Nyein Min Wai

Uber အငှားယာဉ်မောင်းသူတွေကို ဝန်ထမ်းအနေနဲ့ မဟုတ်ဘဲ လွတ်လပ်တဲ့ ကန်ထရိုက်အဖြစ် သတ်မှတ်မှုအပေါ် အငှားနယူးဂျာစီပြည်နယ်အလုပ်သမားဌာနဟာ Uber ကို ဒဏ်ငွေပေးဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ကမ္ဘာကျော် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Uber ကို အငှားယာဉ်မောင်းတွေအတွက် လူမှုဖူလုံရေးဆိုင်ရာ အာမခံအခွန်နဲ့ ဝန်ထမ်းဝင်ငွေခွန် မဆောင်မှုကြောင့် အခုလို ဒဏ်တပ်လိုက်တာ ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြထားပါတယ်။ နယူးဂျာစီပြည်နယ် အလုပ်သမားရေးရာဌာနရဲ့ အဆိုအရ Uber နဲ့ သူ့ရဲ့ လက်အောက်ခံ Raiser ကုမ္ပဏီတို့ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနဲ့ မသန်စွမ်းမှုအတွက် အာမခံအခွန်ငွေ ဒေါ်လာ ၅၂၃သန်း ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: businessinsider


အခုလို အခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒဏ်ကြေးနဲ့အတိုးဟာ ဒေါ်လာ ၁၁၉ သန်းအထိ ရှိတယ်လို့လည်း ဌာနတွင်း အထောက်အထား စာရွက်စာတမ်းတွေမှာ ပါရှိပါတယ်။ အလုပ်သမားရေးရာ ကော်မရှင်နာမင်းကြီးဖြစ်တဲ့ ရောဘတ် အက်ဆာတိုအိန်ဂျလိုကတော့ Uber ကို အခုလို ဒဏ်ရိုက်ခြင်းဟာ ဝန်ထမ်းအမျိုးအစားမှားယွင်းသတ်မှတ်ခြင်းအပေါ် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လိုက်တဲ့ ဥပမာတစ်ခု ဖြစ်ကြောင်းနဲ့ အလုပ်လိုအပ်ချက်အရ စေခိုင်းတဲ့ အလုပ်သမားတွေကို ပုံမှန်ရုံးချိန်ပြည့်ဝန်ထမ်းလို သဘောမထားစရာ အကြောင်းမရှိဘူးလို့ တုန့်ပြန်ပါတယ်။

Uber ကုမ္ပဏီကတော့ အခုလို ဆုံးဖြတ်တဲ့အပေါ် ကန့်ကွက်ထားပါတယ်။ "နယူးဂျာစီမှာရော တစ်ခြား ဘယ်နေရာဘယ်ဒေသမှာမဆို ယာဉ်မောင်းတွေဆိုတာ အလွတ် သဘောတူညီမှုနဲ့ လုပ်ကြတဲ့ contractors တွေပါ။ " လို့ Uber ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်ထုတ်ပြန်ချက်မှာ ပြောပါတယ်။

တကယ်လို့ Uber ယာဉ်မောင်းတွေကို ပုံမှန်ဝန်ထမ်းအဖြစ် သဘောထားရင်တောင် နယူးဂျာစီအစိုးရရဲ့ အခွန်ဒဏ်ကြေး ဒေါ်လာသန်း ၆၅၀ ဟာ အလွန့်ကို များပြားလွန်းနေတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလ နယူးဂျာစီပြည်နယ်အတွင်း ဝင်ငွေဘယ်လောက်အထိ ရရှိခဲ့သလို မသိရသေးပေမယ့် ၂၀၁၈ နှစ်အတွင်း Uber ဝင်ရောက်ရာဈေးကွက်အားလုံးကနေ စုစုပေါင်း ဒေါ်လာ ၁၁.၃ ဘီလျံ ဝင်ငွေရရှိခဲ့ပါတယ်။

Photo: Engadget


ယာဉ်မောင်းတွေကို ဝန်ထမ်းအဖြစ် သတ်မှတ်တဲ့ ပြဿနာကို အစိုးရဥပဒေပြုအမတ်တွေဟာ ပြီးခဲ့တဲ့နှစ်က စပြီး နီးနီးကပ်ကပ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ Uber နဲ့ Lyft တို့လိုမျိုး အလုပ်လိုအပ်ချက်အရ ငှားရမ်းမှုလုပ်ကြတဲ့ Ride-Hailing ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အငှားယာဉ်မောင်းတွေကို ဝန်ထမ်းအဖြစ် သတ်မှတ်ဖို့ အဆိုပြုတဲ့ AB 5 ဆိုတဲ့ ဥပဒေတစ်ရပ်ကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြဌာန်းခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ အသက်ဝင်မယ့် ဒီဥပဒေအရ Uber နဲ့ Lyft တို့နဲ့ ချိတ်ဆက်ပြီး ကားအငှားမောင်းနေတဲ့ ဒရိုက်ဘာတွေဟာ ပုံမှန်ဝန်ထမ်းတွေလိုပဲ အချိန်ပိုကြေး ၊ အနိမ့်ဆုံး လစာနှုန်းထားနဲ့ ခံစားခွင့်များ ရရှိမှာ ဖြစ်ပါတယ်။ အငှားယာဉ်မောင်းတွေကို ဝန်ထမ်းအဖြစ် သတ်မှတ်တဲ့ အလားတူ ဥပဒေမျိုးကို နယူးယော့ခ် ၊ အော်ရီဂွန်ပြည်နယ်နဲ့ ဝါရှင်တန်ပြည်နယ်တို့မှာလည်း ပြဌာန်းသွားဖို့ စဉ်စားနေကြပါတယ်။


Author


က္က