FMIပိုင် အစုရှယ်ယာတွေ ဝယ်တော့မှာပါ

First Myanmar Investment (FMI) အများပိုင် ကုမ္ပဏီလီမိတက်ပိုင် Wave Money အစုရှယ်ယာ ၁၀% ကို Yoma Strategic Investments Ltd (YSIL) မှ ဝယ်ယူရန် သဘောတူညီမှုရထားပြီလို့ ဆိုပါတယ်။

ပြည်တွင်းမှာ အကြီးဆုံးမိုဘိုင်းငွေကြေးလုပ်ငန်းတစ်ခုလည်း ဖြစ်တဲ့ Wave Money (Digital Money Myanmar ကုမ္ပဏီလီမီတက်) ကို FMI group က ၁၀ % ၊ Yoma Bank က ၅ % ၊ Yoma Strategic Holdings (YSH) က ၃၄ % နဲ့ Telenor ကုမ္ပဏီအဖွဲ့က ၅၁% ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ Wave Money ရဲ့ လုပ်ငန်းအစုစု တန်ဖိုးကို ဒေါ်လာ ၅၉.၉၂ သန်း တန်ဖိုးသတ်မှတ်ပြီး FMI ရဲ့ အစုရှယ်ယာတန်ဖိုးကို ဒေါ်လာ ၆ သန်းနဲ့ YSH ပိုင် လုပ်ငန်းခွဲတစ်ခု ဖြစ်တဲ့ YSIL မှ ဝယ်ယူဖို့ ကနဦးသဘောတူညီထားတယ်လို့ FMI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: mobilemoneyasia

အစုရှယ်ယာအရောင်းအဝယ် သဘောတူညီချက်အရ ရှယ်ယာရောင်းဖို့သဘောတူချိန်ကစလို့ ၁၂ လအတွင်း တစ်ခြား ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတစ်ခုခုက Wave Money ရှယ်ယာကို ယခုနှုန်းထားထက် ပိုမြင့်တဲ့ တန်ဖိုးပေးဝယ်လာမယ်ဆိုရင် အစုရှယ်ယာတန်ဖိုးကို ဒေါ်လာ ၁၀ သန်းအထိ အများဆုံး ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ အစုရှယ်ယာရောင်းဝယ်မှု ပြီးပြတ်သွားချိန်မှာ Wave Money ကို Yoma Strategic က ၄၄% ၊ Yoma Bank က ၅% နဲ့ Telenor Group က ၅၁% ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

"သုံးနှစ်အတွင်း Wave Money ကိုယ်စားလှယ်အေးဂျင့်ကော်မရှင်နှုန်းထားတွေ တိုးတက်ပြီး ငွေလွှဲတဲ့ပမာဏပိုတိုးလာခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ Wave Money အဖွဲ့အတွင်း လူ့စွမ်းအားအရင်းအမြစ် တိုးချဲ့လာနိုင်တာကို ကျေနပ်မှုရှိပါတယ်။ Wave Money ရဲ့ လွယ်ကူ၊ လျှင်မြန် ပြီး စိတ်ချရတဲ့ ငွေကြေးဝန်ဆောင်မှုကနေတဆင့် မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ငွေပေးချေမှု တိုးတက်စေရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ငွေကြေးအသိုက်အဝန်း အကောင်အထည်ဖော်ရာမှာ အင်တိုက်အားတိုက်နဲ့ ဆက်လက်ပါဝင်သွားမှာပါ။" လို့ Wave Money ရဲ့ CEO ဘရက်ဒ်ဂျုံးက ပြောပါတယ်။

Photo: Nikkei Asia Review

Wave Money မှာ ရှယ်ယာရှင် အပြောင်းအလဲတွေ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ ငွေကြေးဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းရည်မှန်းချက်တွေကတော့ အရင်အတိုင်းပဲ ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ဂျုံးက ဆိုပါတယ်။ Wave Money ဟာ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း ၅၃၀၀၀ ကျော်နဲ့ နိုင်ငံရဲ့ ၈၉% ကို မိုဘိုင်းငွေကြေးဝန်ဆောင်မှု လွှမ်းခြုံပေးအပ်နေပြီး Wave Money ရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုကို သုံးစွဲနေသူ ၁၁ သန်းခန့်ရှိနေတယ်လို့လည်း သိရပါတယ်။



က္က