Facebook ၊ Google နဲ့Microsoft တို့လည်း ပံ့ပိုးမှုပေးခဲ့ပါတယ်။
Nyein Min Wai

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယူနီကုဒ်မြန်မာစာစနစ် ကူးပြောင်းရေးမှာ ပိုမိုချောမွေ့စေဖို့Facebook ၊ Google နဲ့Microsoft စတဲ့ နိုင်ငံခြားနည်းပညာကုမ္ပဏီများလည်း ပံ့ပိုးကူညီပေးခဲ့တယ်လို့ဆိုပါတယ်။

ယူနီကုဒ်တရားဝင် ကူးပြောင်းခြင်းအခမ်းအနားမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်အခြေစိုက် အမေရိကန်နည်းပညာ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း US ICT Council မြန်မာကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယူနီကုဒ်မြန်မာစာစနစ် ပြောင်းလဲဖို့အတွက် အွန်လိုင်း contents နဲ့ပလက်ဖောင်းတွေမှာ US ICT Council အဖွဲ့ဝင်ကုမ္ပဏီတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Photo: Internet Journal


ယူနီကုဒ်စနစ် အပြောင်းအလဲကာလအတွင်း ပြည်သူများအကြား သတင်းအချက်အလက် ဆုံးရှုံးမှု မရှိစေဖို့အတွက် Facebook ဟာ ဇော်ဂျီနဲ့ယူနီကုဒ်အကြား အပြန်အလှန်ဖောင့်ပြောင်းပေးမယ့်စနစ်ကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။

Facebook ရဲ့ Font Converter စနစ်ကြောင့် ယူနီကုဒ်မပြောင်းလဲသေးရတဲ့ ပြည်သူများနဲ့ယူနီကုဒ်ပြောင်းထားပြီးသူများအကြား ဆက်သွယ်မှု အဆင်ပြေနေဦးမှာ ဖြစ်ပြီး ဘယ်အချိန်အထိ ဒီစနစ်ကို ပံ့ပိုးပေးသွားမလဲဆိုတာတော့ မသိရသေးပါဘူး။ Microsoft ကုမ္ပဏီကလည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ယူနီကုဒ်ကူးပြောင်းရေး အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ထုတ်ပြန်ပါတယ်။

" ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီးပွားရေးစနစ်နဲ့အပြည့်အဝ ပူးပေါင်းဖို့ဆိုရင် ယူနီကုဒ်ပြောင်းလဲသုံးစွဲဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဒီအပြောင်းအလဲက Content တွေ ဖတ်ရှုရာမှာ ကြုံရတဲ့ ပြဿနာတွေကို ဖယ်ရှားပေးဖို့အကူအညီ ဖြစ်လာမှာပါ။ စီးပွားရေးလုပ်ငန်းးတွေ မီဒီယာအဖွဲ့အစည်းတွေလိုမျိုး Content Provider တွေအတွက်လည်း ရိုးရှင်းလွယ်ကူလာစေမှာပါ" လို့UCS ICT Council for Myanmar ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Max Shu Teasdale က ပြောပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Google ဟာ ကုမ္ပဏီရဲ့ Search Engine ဝန်ဆောင်မှုမှာ မြန်မာစာစနစ်များ ထောက်လှမ်းပြီး ဇော်ဂျီနဲ့ရေးထားတဲ့ အကြောင်းအရာများကို ယူနီကုဒ်နဲ့အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန်လည်ဖော်ပြဖို့လုပ်ဆောင်ခဲ့သလို Developers တွေအတွက်လည်း ဇော်ဂျီစနစ် ထောက်လှမ်းရေးနဲ့အလိုအလျောက်ပြောင်းလဲရေးအတွက် tools များ ထုတ်ပေးထားတယ်လို့ဆိုပါတယ်။

Photo: statecounsellor.gov.mm

ယူနီကုဒ်စံစနစ်ကို ကမ္ဘာမှာ နောက်ဆုံးပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က မြန်မာယူနီကုဒ်စံစနစ်ကို အမျိုးသားစံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာတော့ မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်း အခမ်းအနားအဖြစ် နေပြည်တော် MICC II မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


က္က