အခုလို ညွှန်ကြားတဲ့ ပထမဆုံးအစိုးရအဖွဲ့အစည်း ဖြစ်ပါတယ်

ထိုင်ဝမ်ဆိုက်ဘာလုံခြုံရေးဌာနဟာ Zoom ရုပ်သံအစည်းအဝေးပလက်ဖောင်း မသုံးဖို့ အစိုးရဌာနအားလုံးကို အကြံပြုညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

Zoom ပလက်ဖောင်းမှာ လုံခြုံရေး အားနည်းချက်တွေ ရှိပြီး privacy ပြဿနာတွေအတွက် တောင်းပန်ကြောင်း ကုမ္ပဏီဘက်က ဝန်ခံလာပြီးနောက် အခုလို တားမြစ််လိုက်တာ ဖြစ်တယ်လို့ ZDNet သတင်းက ဖော်ပြထားပါတယ်။ အစိုးရဌာနတွေအနေနဲ့ ရုပ်သံအစည်းအဝေးလုပ်မယ်ဆိုရင် Zoom လိုမျိုး လုံခြုံရေးပြဿနာရှိတဲ့ ထုတ်ကုန်များ မသုံးသင့်ဘူးလို့ ထိုင်ဝမ်အစိုးရအဖွဲ့က အင်္ဂါနေ့က ပြောပါတယ်။


Photo: Daily Sabah


ဆိုက်ဘာလုံခြုံရေး စီမံခန့်ခွဲမှုအက်ဥပဒေ ၂၀၁၉ အရ အဖွဲ့အစည်းအားလုံးဟာ လုံခြုံရေး ပြဿနာ ရှိတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ အသုံးမပြုဖို့ ညွှန်ကြားထားပါတယ်။ အစိုးရနဲ့ စာချုပ် ချုပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ တင်သွင်းနေတဲ့ ကုမ္ပဏီတွေလည်း အလားတူ စိတ်မချရတဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးစနစ် သုံးစွဲမှုကို စိစစ်သင့်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ် ဆိုက်ဘာလုံခြုံရေးဌာန DCS ဟာ အစိုးရဌာနအားလုံးနဲ့ အစိုးရနဲ့ မဆိုင်တဲ့ NGO တစ်ချို့အတွက် Video Conferencing tool သုံးဖို့အတွက် နိုင်ငံတကာထုတ်ကုန်တွေ ဖြစ်တဲ့ Google နဲ့ Microsoft တို့ကို ထောက်ခံချက်ပေးခဲ့ပါတယ်။ " အဖွဲ့အစည်းတွေအနေနဲ့ ဆက်စပ်နေတဲ့ အချက်အလက် လုံခြုံရေးအန္တရာယ်ကို စိစစ်အကဲဖြတ်ပြီး အခုပြောတဲ့ Options တွေကို စဉ်းစားသင့်ပါတယ်။" လို့ DCS က ဆိုပါတယ်။

နေ့စဉ် သုံးစွဲသူ သန်း ၂၀၀ ကျော် ရှိလာတဲ့ Zoom ဟာ ရုပ်သံအစည်းအဝေး sessions များ လုံခြုံရေးအားနည်းမှု ၊ ဖိတ်ခေါ်မထားသူများ ဝင်တက်နိုင်တဲ့ zoombombing စတဲ့ ပြဿနာများကြောင့် သုံးစွဲသူများရဲ့ စိုးရိမ်မှု မြင့်တက်နေပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုပြဿနာတွေကြောင့် အီလွန်မတ်စ်ရဲ့ SpaceX အာကာသယာဉ်လုပ်ငန်း နဲ့ နယူးယော့ခ်က စာသင်ကျောင်းတွေမှာ Zoom ပလက်ဖောင်းသုံးမှု ပိတ်ပင်ထားပါတယ်။ 

Zoom CEO အဲရစ်ယွမ် ( Photo: wired)


Zoom ပလက်ဖောင်းဟာ တရုတ်နိုင်ငံသားမဟုတ်တဲ့ သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုကို တရုတ်ကတစ်ဆင့် မှားပြီး ဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ Zoom ဟာ တရုတ်နိုင်ငံက ဆာဗာတွေက ထုတ်ပေးထားတဲ့ လျှို့ဝှက် keys တွေကို သုံးခဲ့တယ်လို့လည်း ကနေဒါနိုင်ငံ တိုရန်တိုမှ Citizen Lab ရဲ့ သုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။ 

ဧပြီလ ၁ ရက် နေ့မှာ Zoom တည်ထောင်သူနဲ့ CEO အဲရစ်ယွမ်ဟာ ကုမ္ပဏီရဲ့ လုံခြုံရေး ပြဿနာတွေအတွက် တောင်းပန်ခဲ့ပြီး အမြန်ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က