ZTE ဟာ 5G စမတ်ဖုန်းကို တရုတ်မှာ မိတ်ဆက်တဲ့ ပထမဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ MWC ပွဲမှာ ကြေညာခဲ့တဲ့ ZTE Axon 10 Pro 5G ကို သြဂုတ်လ ၅ ရက်နေ့က တရုတ်မှာ ရောင်းချခဲ့တာ ဖြစ်တယ်လို့Xinhua သတင်းမှာ ဖော်ပြထားပါတယ်။ ZTE Axon 10 Pro 5G ဟာ တရုတ်မှ 5G လှိုင်းနှုန်းစဉ် ရထားတဲ့ China Mobile ၊ China Telecom နဲ့China Unicom အော်ပရေတာ ၃ ခု ရဲ့ ပံ့ပိုးမှုနဲ့တရုတ်ဈေးကွက်မှာ စတင်ရောင်းချလိုက်တာပါ။ ZTE ရဲ့အဆိုအရ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ZTE Axon 10 Pro 5G ဟာ တည်ငြိမ်တဲ့ အင်တာနက် ချိတ်ဆက်မှုနဲ့မြန်ဆန်တဲ့ ဒေတာပေးပို့မှုကို ကြန့်ကြာမှု မရှိဘဲ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။
Photo: ohsem.me
Qualcomm ရဲ့ ပထမမျိုးဆက် X50 5G Modem သုံးထားတဲ့ ဒီဖုန်းဟာ တရုတ်နိုင်ငံမှာ ဖြန့်ချိသွားမယ့် 5G ကြိုးမဲ့ကွန်ရက်နဲ့ချိတ်ဆက်နိုင်မယ့် ဖုန်းပါ။ တစ်ခုရှိတာက တရုတ်နိုင်ငံမှာ လာမယ့် အောက်တိုဘာလလောက် ရောက်မှသာ 5G ကွန်ရက်များ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Tech Crunch ရဲ့ အဆိုအရ China Mobile ဟာ 5G services ကို တရုတ်မှာ ပထမဆုံး မိတ်ဆက်မယ့် အော်ပရေတာ ဖြစ်ပြီး နှစ်အကုန်မှာ မြို့ပေါင်း ၅၀ ကျော်ကို ဖြန့်ကျက်သွားမယ်လို့ဆိုပါတယ်။
တစ်ခြား တယ်လီကွန်းအော်ပရေတာတွေ ဖြစ်တဲ့ China Unicom နဲ့China Telecom တို့လည်း commercial 5G ကွန်ရက် ဖြန့်ကျက်ဖို့လိုင်စင်ရထားပါတယ်။ ZTE ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်ပြီး 5G ဖုန်း မိတ်ဆက်ထားတဲ့ Huawei ကို ကျော်ပြီး အရင်ဆုံး ဖြန့်ချိလိုက်တာပါ။ Huawei ကတော့ သြဂုတ်လ ၁၆ ရက် မတိုင်ခင်အထိ Huawei Mate 20 X 5G ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ဦးမှာ မဟုတ်သေးပါဘူး။
Photo: xinhuanet
တစ်ခြား တရုတ်စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ OPPO ၊ OnePlus နဲ့Xiaomi တို့လည်း တရုတ်ပြင်ပမှာ OPPO Reno 5G ၊ OnePlus 7 Pro 5G နဲ့Xiaomi Mi Mix 3 5G ဆိုပြီး 5G ဖုန်းတွေ မိတ်ဆက်ထားပါတယ်။ တရုတ်ဈေးကွက်မှာ ပထမဆုံး ရောင်းချလိုက်တဲ့ ZTE Axon 10 Pro 5G ဟာ မျက်နှာပြင် ၆.၄၇ လက်မ OLED FullHD+ screen နဲ့လာပြီး waterdrop notch တစ်ခု သုံးထားတဲ့ ဖုန်းပါ။
ကျောဘက်မှာ 48MP ကင်မရာ ၊ ၁၂၅ ဒီဂရီ မြင်ကွင်းကျယ် 20MP ultra-wide ကင်မရာနဲ့3x tele ဆွဲရိုက်နိုင်မယ့် 8MP ကင်မရာ သုံးလုံး ပါပြီး ရှေ့ဘက်မှာ 20MP ကင်မရာ သုံးထားပါတယ်။ 4000 mAh ဘက်ထရီ ၊ under-display လက်ဗွေစနစ် နဲ့wireless charging ပါတဲ့ ဒီ 5G ဖုန်းကို ၄၉၉၉ ယွမ် ( မြန်မာငွေ ၁၀ သိန်းခွဲကျော်) ဈေးနဲ့အွန်လိုင်း e-Commerce ပလက်ဖောင်းတွေကနေ ရောင်းချသွားမယ်လို့ဆိုပါတယ်။