ဒါလေးတွေသိထားရင် ဒေါက်ဖိနပ်ကြောင့် စိတ်မညစ်ရတော့ဘူး။

ဒေါက်ဖိနပ်စီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါက်ဖိနပ်က အရပ်ကိုလည်း ပိုရှည်စေပြီး လမ်းလျှောက်တဲ့အခါ စမတ်ကျကျဖြစ်နေစေတယ်။ ခက်တာက ဒေါက်စီးတိုင်း ခြေထောက်ပေါက်တာနဲ့၊ ချော်လဲရတာနဲ့မို့ မစီးရဲဘူး။ အဲ့ဒီလိုတွေ ဖြစ်နေရင်တော့ ဒီလျှို့ဝှက်ချက်တွေ ကူညီဖြေရှင်းပေးပါလိမ့်မယ်။



 

၁။ စီးရတာကျပ်နေတဲ့ဖိနပ်အသစ်

တစ်ခါတစ်လေမှာ ဝယ်လာတဲ့ လေဒီရှုးလေးက ထိပ်မှာနည်းနည်းလေး ကျပ်နေတယ်။ စီးရတာ အဆင်မပြေတော့ ခြေထောက်နာရပါတယ်။ ဒီလိုမျိုး ကျပ်နေတဲ့ဖိနပ်အတွက် ဖြေရှင်းနည်းရှိပါတယ်။ ကျပ်နေတဲ့အပိုင်းကို အိတ်လေးထည့်လိုက်ပါ၊ အိတ်ထဲကို ရေထည့်ပြီးရင် ရေလုံအောင်ပိတ်ကာ ရေခဲသေတ္တာထဲမှာ တစ်ညထားလိုက်ရုံပါပဲ။ မနက်မိုးလင်းတဲ့အခါ ရေတွေခဲနေမှာဖြစ်ပြီး ဖိနပ်လည်းချောင်ပြီး စီးလို့ရသွားပါလိမ့်မယ်။ နောက်တစ်နည်းကတော့ သိုးမွေးခြေအိတ်ကို ခြေထောက်မှာစွပ်ပြီး အိမ်ထဲမှာ စမ်းလျှောက်ပေးရတာပါ။ ဖိနပ်ကိုချဲ့လိုက်သလို ဖြစ်သွားတော့ ချောင်သွားရော။

 

၂။ အောက်ခံဆိုးလ်ပြားကချောနေရင်

ဖိနပ်အမြင့်စီးမယ်ဆို အောက်ခံဆိုးလ်ပြားက ချောနေလို့မဖြစ်ဘူးနော်။ သွားရင်းလာရင်း ချော်လဲလို့ ဒူးပြဲပြီးသွားကျွတ်တဲ့အဖြစ်မျိုး ကြုံသွားရနိုင်တယ်။ အောက်ခံဆိုးလ်ပြားမှာ ကပ်လို့ရတဲ့ non-skid pad လေးတွေ ရှိပါတယ်။ နောက်တစ်နည်းကတော့ ချောနေတဲ့နေရာကို ကော်ပတ်နဲ့ပွတ်ပေးလိုက်ရုံပါပဲ။ ဒီလိုဆိုရင် မျက်နှာပြင်က ကြမ်းသွားလို့ မချောတော့ဘူး။

 

၃။ ဖိနပ်မပေါက်အောင်

ဖိနပ်ပေါက်တာတော့ ဒေါက်ဖိနပ်တင်မဟုတ်ဘူး တခြားဖိနပ်တွေလည်း ဖြစ်တတ်တယ်။ ဖိနပ်နဲ့အသားနဲ့ ပွတ်တိုက်တဲ့နေရာကို vaseline ခရင်မ်လေး လူးရင်လူး၊ ဒါမှမဟုတ် ချွေးနံ့ပျောက်ဆေး ပွတ်ထားလိုက်ရင် ဖိနပ်မပေါက်တော့ဘူး။

၄။ ခြေမျက်စိ မနာတော့ဘူး

ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေမျက်စိလေးတွေ နာလာတတ်ပါတယ်။ လေဒီရှုးတွေစီးရင် ပိုသိသာတယ်။ ခြေခလယ်နဲ့ခြေသန်းကြွယ် (တတိယမြောက်ခြေချောင်းနဲ့ စတုတ္ထမြောက်ခြေချောင်း)လေးနှစ်ခုကို တိပ်နဲ့ဖြစ်ဖြစ် ပလာစတာနဲ့ဖြစ်ဖြစ် ပူးပြီးပတ်ထားလိုက်.. ခြေမျက်စိမနာတော့ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီနှစ်ချောင်းကားနေရင် ခြေမျက်စိကို ပိုပြီးသက်ရောက်မှုဖြစ်စေတယ်လေ။

 

၅။ ခြေဖဝါးနာလို့

ခြေဖဝါးနာတယ်ဆိုတာ ဆိုးလ်ပြားနဲ့ခြေဖဝါးမျက်နှာပြင် ထိမနေလို့ဖြစ်တာ။ ဖိနပ်ဆိုင်တွေမှာ ရောင်းတဲ့ ဆီလီကွန်အခံလေးတွေကို သုံးနိုင်ပါတယ်။

 

၆။ ခြေထောက်အနံ့ဆိုး

ဒါလည်းမခက်ပါဘူး။ ချွေးနံ့ပျောက်ဆေးကို စပရေးအမျိုးအစားလေး ဆောင်ထားလိုက်။ အနံ့ထွက်လာရင် ခြေထောက်ကို ဖြန်းပေးရုံပဲ။

 

၇။ ဖိနပ်က အနံ့ထွက်နေလို့

အထဲမှာ လှောင်ပိတ်နေသလိုဖြစ်တော့ ခြေထောက်ကထွက်တဲ့ချွေးတွေနဲ့ဆို ဖိနပ်က အနံ့ဆိုးတွေ ထွက်လာရော။ ဒီလိုဆိုရင် အထဲကချွေးတွေ ပေနေတာတွေကို ပြောင်အောင်သုတ်ပြီး လက်ဖက်ခြောက်အိတ် (မသုံးရသေးတဲ့အသစ်)ကို ဖိနပ်ထဲ ထည့်ထားပေးပြီး တစ်ညထားလိုက်။ မနက်ဆို အနံ့တွေမရှိတော့ဘူး။

Source : Style by JD


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က