သိန်းငါးထောင်ဆိုပဲ.....

ကြားလိုက်ရရင် မျက်လုံးပြူးသွားလောက်မယ့်၊ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်တဲ့ ပမာဏပါ။ အမျိုးသမီးလက်ကိုင်အိတ်တစ်လုံးကို သိန်း ၅၀၀၀ ကျော်နဲ့ လေလံဆွဲပြီး ဝယ်သွားတယ်ဆိုလို့ ဘာအိတ်များလဲလို့ သိချင်သွားပြီဟုတ်? ပြင်သစ် ဖက်ရှင်အမှတ်တံဆိပ် Hermès ရဲ့ အိတ်တစ်လုံးကို မေလ ၃၁ ရက်နေ့က ဟောင်ကောင်မှာ လေလံတင်ရောင်းချရာမှာ ကမ္ဘာ့စံချိန်တင်ဈေးနဲ့ ရောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

လေလံရောင်းနိုင်ခဲ့တဲ့ Himalaya Birkin 30 နဲ့ အမျိုးအစားတူ အိတ်တစ်လုံး

 

Hermès က အထူးထုတ်လုပ်ထားတဲ့ Himalaya Birkin 30 ဆိုတဲ့အိတ်ဟာ ဟိမဝန္တာနီလိုမိကျောင်း (အဖြူရောင်သားရေရှိတဲ့မိကျောင်း)ရဲ့သားရေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ရွှေဖြူ၊ စိန်တို့နဲ့ စီခြယ်မွမ်းမံထားတယ်လို့ ဆိုပါတယ်။ Hermès ကုမ္ပဏီဟာ ဒီလိုအိတ်မျိုးကို တစ်နှစ်လုံးမှာမှ တစ်လုံး သို့မဟုတ် နှစ်လုံးသာ ထုတ်လုပ်ပါသတဲ့။ အဖြူနဲ့ မီးခိုးစပ်ထားတဲ့ လက်ကိုင်အိတ်ရဲ့သော့ခလောက်ကို ၁၈ ကရတ် ရွှေဖြူနဲ့ ပြုလုပ်ထားပြီး စိန်ပွင့်ပေါင်း ၂၄၅ ပွင့် ထည့်သွင်းထားပါတယ်။

 

ခုနောက်ပိုင်း ဆက်မထုတ်တော့ဘူးလို့တောင် ကောလာဟလတွေ ထွက်လာတော့ ဒီအိတ်ကို လေလံတင်ရောင်းတဲ့အခါ ဈေးပိုရသွားခဲ့တာ ဖြစ်ပါတယ်။ Christie လေလံအရောင်းဌာနက ဒီအိတ်ကို ဟောင်ကောင်မှာ လေလံတင်ရောင်းချရာမှာ ဟောင်ကောင်ဒေါ်လာ ၂ သန်းလောက်ထိပဲ အမြင့်ဆုံးဈေးနဲ့ရောင်းနိုင်ခဲ့မယ်လို့ မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အမည်ဖော်ပြမထားတဲ့ လူတစ်ဦးက ဟောင်ကောင်ဒေါ်လာ ၂.၉၄ သန်း နဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဈေးဟာ အမေရိကန်ဒေါ်လာ ၃၇၇,၂၆၁ နဲ့ ညီမျှသလို မြန်မာငွေနဲ့တွက်မယ်ဆို ကျပ်သိန်းပေါင်း ၅၁၀၀ ကျော် ရှိပါတယ်။

 

တကယ်တော့ Hermès  ရဲ့ Hermès Birkin လက်ကိုင်အိတ်တွေကိုက နာမည်ကျော်ကြား လူကြိုက်များပြီးသား အိတ်တွေဖြစ်ကာ ပြန်ရောင်းဖို့အတွက် ရင်းနှီးမြှုပ်နှံထားသင့်တယ်လို့တောင် ကျွမ်းကျင်သူတွေက ထောက်ခံထားကြပါတယ်။ Birkin အိတ်တွေကိုမှာမှ စီးရီးအမျိုးမျိုးရှိပြီး စီးရီးအလိုက်နဲ့ ထုတ်လုပ်တဲ့နှစ်ပေါ် မူတည်ကာ ဈေးနှုန်းကွာခြားလေ့ရှိပါတယ်။ ပင်ကိုယ်တည်းက နာမည်ကျော်ကြားတဲ့ Hermès Birkin တွေဟာ ကမ္ဘာ့ဈေးအကြီးဆုံးလက်ကိုင်အိတ်အဖြစ် စံချိန်တင်သွားတဲ့ Hermès Himalaya Birkin ကြောင့် ပိုပြီးဈေးကြီးလာတော့မှာ အသေအချာပါပဲ။

Source : CNN, Allure



က္က