အသားညိုတဲ့သူတွေအတွက် ညိုစိမ့်စိမ့်နဲ့ ကြည့်မဝဖြစ်နေအောင် အလှပြင်နည်းလေး ပြောပြပေးချင်ပါတယ်။
Thin Nu Swe

အသားညို လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်နေကြတဲ့ မဒီတွေရှိပါသလား။ တကယ်တော့ အသားညိုတယ်ဆိုတာ လှပမှုတစ်မျိုးပါပဲ။ လှသမှ စွဲမက်စရာကောင်းတဲ့ အလှလေးကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ အလှကို မမြင်ဘဲ အသားညိုနေတာကို စိတ်ဓာတ်ကျပြီး လှချင်နေသေးတယ်ဆိုရင်လည်း ညိုချောတွေအတွက် စွဲမက်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်နိုင်မယ့် အလှပြင်နည်းကို မျှဝေပေးချင်ပါတယ်။

အရောင်ရွေးချယ်နည်း

အသားညိုတဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့အရောင်တွေ သပ်သပ်ရှိပါတယ်။ အရောင်ရွေးချယ်မယ်ဆိုရင် အရောင်ရင့်ရင့်တွေ ၊ တောက်ပလွန်းတဲ့ သန္တာရောင်တွေ ၊ အနီရောင် ၊ အစိမ်းပုပ် နဲ့ အပြာရောင်တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အသားညိုတာ ဒီအရောင်တွေ သုံးစရာလားလို့ အထွန့်အရင်မတက်ပါနဲ့နော်။ အရင်ဆုံး အရောင်ကို ရွေးချယ်ခြယ်သကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Makeup အရောင်ရွေးချယ်နည်း

မိတ်ကပ်ဖောင်ဒေးရှင်းတွေ ၊ ပေါင်ဒါတွေ ရွေးချယ်မယ်ဆိုရင်လည်း ကိုယ်က အသားညိုနေလို့ဆိုပြီး ဖြူလွန်းတဲ့အရောင်တွေကို ရွေးချယ်တာမျိုးတွေ ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်အသားညိုပေမယ့်လည်း အညိုရောင် ဒါမှမဟုတ် အဝါရောင် တွေကိုသာ ရွေးချယ်မှ မိတ်ကပ်က ကိုယ်နဲ့ တသားတည်းဖြစ်နေမှာပါ။ ကိုယ့်အသားရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ရောင်ကို ရွေးခြယ်မှသာ လှပစွဲမက်ဖွယ် အလှတရားကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မျက်လုံးအရောင်

အသားညိုသူတွေအတွက် လိုက်ဖက်တင့်တယ်ခမ်းနားတဲ့အရောင်ကတော့ ရွှေရောင်ပါ။ ရွှေရောင်ကို အဓိကထားပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ လှပစွဲမက်ဖွယ်ကောင်းအောင် ခြယ်သလို့ရပါတယ်။ ရွှေရောင်အနုလေးကို မျက်ခွံတစ်ခုလုံးအပေါ် ခြယ်သပြီး တစ်ဆင့်ရင့်တဲ့ ရွှေရောင်ကိုတော့ အပေါ်မျက်ရစ်တစ်ခုလုံးကို ပြည့်အောင် ခြယ်သပေးရပါမယ်။ ပြီးရင်တော့ အနက်ရောင် အိုင်းလိုင်နာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အညိုမလေး ဖြစ်လို့ရပါပြီ။ Smokey Eye တွေ ၊ Nude ရောင်လေးတွေကလည်း အညိုမလေးတွေကို စွဲမက်ဖွယ် မျက်လုံးတစ်စုံရရှိစေမှာဖြစ်ပါတယ်။

ညိုချောတစ်ယောက်ဖြစ်တဲ့ နှင်းဝတ်ရည်ကလည်း သူ့ရဲ့ ခြယ်သပြင်ဆင်မှုပုံစံတွေကို ပြောပြပါတယ်။

"အသားညိုတော့ မိတ်ကပ်ကို အဖြူမသုံးဘဲ အညိုပဲသုံးတယ်။ ဘာလို့လဲဆိုတော့ တချို့တွေက ညိုတာကို ဖြူချင်တော့ အဖြူတွေလိမ်းကြတာရှိတယ်။ အဲ့ဒါ မှားတယ်လို့ထင်တယ်။ ကိုယ်ကိုယ်တိုင်လည်း ငယ်ငယ်က လိမ်းဖူးတယ်၊ မျက်နှာက ပြာလာတယ်။ အခုတော့ အောက်ခံမိတ်ကပ်ကို အသားရောင်အတိုင်းဝယ်တယ်။ နှုတ်ခမ်းနီဆို ရင့်တဲ့အရောင်လေးတွေ ဆိုးတယ် ။ နောက်တစ်ခုအရေးကြီးတာက ပါးနီရွေးချယ်မှု။ အသားဖြူတဲ့ကောင်မလေးတွေလို ပန်းရောင်လုံးဝမသုံးသင့်ဘူး၊ ပန်းလိမ္မော်တို့၊ လိမ္မော်ဘက်သွားတဲ့အရောင်တွေသုံးသင့်တယ်။ နောက်ဆုံးအနေနဲ့ အရေးကြီးတာကတော့ ညိုပေမယ့် ညိုညစ်ညစ်ဖြစ်မနေအောင် အသားအရေပိုင်းထိန်းသိမ်းမှုကိုလည်း ဂရုစိုက်သင့်ပါတယ်"

ပါးပြင်အလှ

အလှပြင်တဲ့နေရာမှာ ပါးမို့လေးကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ ကြေးနီရောင်က အသားညိုသူတွေအတွက် ပြီးပြည့်စုံတဲ့ အလှတရားပါ။ ပန်းရောင် နဲ့ သန္တာရောင်ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရောင်ရဲရဲတွေထက် အရောင်ဖျော့တွေကိုသာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လိမ္မော်ရောင်ပါးနီကလည်း အသားညိုသူမဒီတွေအတွက် အံ့သြစရာကောင်းလောက်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်စေတာမို့ ရွေးချယ်ပြင်ဆင်လို့ရပါတယ်။ ညိုလို့ဆိုပြီး တခြားအရောင်တွေ ရွေးချယ်တာထက် အညိုအဆင်လေးတွေကပဲ အလိုက်ဖက်ဆုံးပါ။

အနုပညာရှင်တော်တော်များများကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့ မိတ်ကပ် သော်ကလည်း အညိုဆင်မဒီလေးတွေအတွက် ခုလို အကြံပေးပါတယ်။

"အသားညိုတဲ့သူလို့ပြောတဲ့အတွက် အရေးကြီးတဲ့အချက်တစ်ခုကိုပြောပေးပါမယ်နော်။ အသားညိုတဲ့သူတွေ အတွက် မိတ်ကပ်လိမ်းခြယ်ရာမှာ အရေးကြီးဆုံးက foundation ရွေးခြယ်ခြင်းပါပဲ။ foundation အရောင်ကို အဝါ (သို့မဟုတ်) အညို ကိုသုံးပေးရပါမယ်။ဖြူတဲ့အရောင်တွေကို မရွေးခြယ်မိဖို့ဂရုပြုသင့်ပါတယ်။ ဆွဲဆောင်မှု ပြင်းတဲ့အလှမျိုး ရရှိအောင် မျက်လုံးကို smokey eye ပုံစံခြယ်သပြီးနှုတ်ခမ်းအရောင်ကို Nude color လေးတွေကို ရွေးခြယ်ပြီးသုံးသင့်ပါတယ်။ ပါးနီ အရောင်ကိုလည်း ပန်းရောင်ဖက်နွယ်တဲ့အရောင်တွေကို မရွေးခြယ်ဘဲ အညိုဖက်သွားတဲ့Nude color တွေကိုရွေးခြယ်သင့်ပါတယ်နော်။"

နှုတ်ခမ်း

နှုတ်ခမ်းနီကိုလည်း လိမ္မော်ရောင် ရွေးချယ်ဆိုးလို့ရပါတယ်။ မျက်ခွံ ရွှေရောင် လိမ္မော်ရောင် ပါးပြင် နဲ့ လိမ္မော်ရောင် နှုတ်ခမ်းသားတွေက အတော်ကို လိုက်ဖက်တင့်တယ် လှပစေနေမှာ သေချာပါတယ်။ အသားညိုတဲ့သူတွေအတွက် အသားဖြူအောင် ကြိုးစားတာထက် ကိုယ့်ရဲ့ အသားကို စိုပြေဝင်းလက်နေအောင် ထိန်းသိမ်းတာက ပိုပြီးတော့ လှပစေပါတယ်။ အသားညိုတဲ့သူတွေက အသားညိုလို့ ကြောင့်ကြနေတတ်ကြပေမယ့် တကယ်တမ်းတော့ ညိုချောတွေဟာ ဘယ်လောက်ကြည့်ကြည့် အကြည့်ခံပြီး တစိမ့်စိမ့်ထိုင်ကြည့်နေချင်စရာကောင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။

 


က္က