ဘယ်လိုဈေးကြီးဆေးတွေ သုံးနေပါစေ၊ မပျောက်တဲ့ တင်းတိပ်တွေကို လျော့ပါးသက်သာစေဖို့ သဘာဝနည်းလေးဝေမျှပေးချင်ပါတယ်။
Thin Nu Swe

အမျိုးသမီးတွေ အသက်ကြီးလာတာ၊ သွေးသားပြောင်းလဲတာ ဒါမှမဟုတ် နေပူထဲ အရမ်းသွားတာမျိုးတွေကြောင့် တင်းတိပ်တွေ မျက်နှာပေါ်မှာ ဖြစ်လာတတ်ပါတယ်။ တင်းတိပ်တင်မကဘဲ အမည်းစက် နဲ့ မှဲ့ခြောက်တွေကိုပါ ပျောက်ကင်းစေမယ့် နည်းလမ်းတွေ ပြောပြပေးချင်ပါတယ်။ ဒီလို မျက်နှာပေါ်မှာ တင်းတိပ်၊ မှဲ့ခြောက် နဲ့ အမည်းစက်တွေအတွက် ဆေးခန်းတွေလည်း မသွားချင်သလို ဝယ်သုံးရတဲ့ ဆေးတွေကလည်း အစွမ်းမထက်ဘူးဆိုရင်တော့ အခုပြောပြပေးမယ့် နည်းလမ်းတွေနဲ့ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ပထမနည်း

ပထမနည်းကတော့ မုန်လာဥနီပဲ ဖြစ်ပါတယ်။ မုန်လာဥနီကို ခြစ်နဲ့ ခြစ်ပြီး အရည်တွေညှစ်ထားပေးရပါမယ်။ ရလာတဲ့ အရည်တွေကို မျက်နှာတစ်ပြင်လုံး လိမ်းပြီး ၁၅ မိနစ်ခန့်ထားရပါမယ်။ ၁၅မိနစ်ကြာသွားရင်တော့ မျက်နှာသစ်ချလိုက်လို့ရပါပြီ။ ဒီနည်းကို တစ်ပတ် နှစ်ကြိမ်ပြုလုပ်ပေးသွားမယ်ဆိုရင် တင်းတိပ် ၊ မှဲ့ခြောက်တွေ တဖြည်းဖြည်း လျော့ပါးသက်သာသွားမှာဖြစ်ပါတယ်။

ဒုတိယနည်း

ဒုတိယနည်းကတော့ သခွားသီး၊ သံပုရာသီး နဲ့ နွားနို့ လိုအပ်ပါတယ်။ နွားနို့ကို အအေးခံထားရပါမယ်။ သခွားသီးကိုတော့ လက်ဖက်ရည်ဇွန်း ၂ဇွန်းစာလောက် ရအောင် ခြစ်ထားပါ။ အအေးခံထားတဲ့ နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သံပုရာရည် အနည်းငယ်ကို ခြစ်ထားတဲ့ သခွားသီးနဲ့ ရောရပါမယ်။ ပြီးရင်တော့ အဲဒီအနှစ်တွေကို မျက်နှာပေါ်မှာ လိမ်းပေးရပါမယ်။ ဒီနည်းကလည်း ၁၅မိနစ်ခန့် ထားရမှာပါ။ ၁၅မိနစ်ပြည့်သွားရင်တော့ မျက်နှာသစ်လို့ရပါပြီ။ ဒီနည်းကိုတော့ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

တတိယနည်း

နောက်နည်းကတော့ သခွားသီး ၊ အာလူး နဲ့ ခရမ်းချဉ်သီး တို့လိုအပ်ပါတယ်။ အာလူး ၊ သခွားသီး နဲ့ ခရမ်းချဉ်သီး တို့ကိုကြိတ်ချေရမှာဖြစ်ပါတယ်။ ကြိတ်ချေပြီးသား အနှစ်အားလုံးကို သမသွားအောင် ရောမွှေရပါမယ်။ သမသွားရင်တော့ မျက်နှာပေါ် ၁၅မိနစ် သုတ်လိမ်းထားရပါမယ်။ ၁၅ မိနစ်ပြည့်ရင်တော့ ရေဆေးချလို့ရပါပြီ။ ဒီနည်းကိုလည်း တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

တင်းတိပ်နဲ့ ပတ်သက်ပြီး အရေပြားအထူကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်မြတ်စန္ဒာကျော်က ခုလို ပြောပြပါတယ်။

"တင်းတိတ်ဆိုတာ နေရောင်ဒဏ်တွေ ပေါင်းစုပြီး၊ အရေပြား အိုမင်းတဲ့ သဘောနဲ့ ဖြစ်လာတယ်လို့ တချို့ပညာရှင်တွေက ပြောကြပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်နှင့် တချို့ တားဆေးစားဆေး သောက်သူတွေ တင်းတိတ်ပိုဖြစ်တတ်ကြပါတယ်။ ကိုယ်သုံးနေတဲ့ အလှပြင်ပစ္စည်းနဲ့အရေပြား ထိန်းပစ္စည်းတွေနဲ့ ကိုယ့်အရေပြား က ဓါတ်မတည့်တဲ့ အခါမှာ လည်း တင်းတိတ်ဖြစ်လာတတ်ပါတယ်။ တခါတလေကျတော့လည်း သူ့အလိုလို တင်းတိတ်ဖြစ်လာတတ်သူရှိပါတယ်။ တင်းတိတ်မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ရပါမယ်၊ မနက် ဆယ်နာရီနဲ့ညနေ သုံးနာရီကြားနေရောင်ဟာ အပြင်းထန်ဆုံးဖြစ်လို့ ဒီလို အချိန်မှာ နေရောင် တိုက်ရိုက်ထိတွေ့ ခြင်း ကို ရှောင်သင့်ပါတယ်။ နေရောင်ကာ ကရင်မ်၊ သနပ်ခါးတို့ကို နေရောင်ကာကွယ်ဖို့သုံးရပါမယ်။ နေရောင်ကာ ကရင်မ်ဟာ နေရောင်ထဲ မထွက်ခင် မိနစ်နှစ်ဆယ်လောက်မှာ ကြိုတင် လိမ်းထားရပါမယ်။ နှစ်နာရီခြား တစ်ခေါက်ပြန်လိမ်းရပါမယ်၊ သနပ်ခါးကတော့ ပါးကွက်လေး ကွက်တင်ထားရင် သနပ်ခါးမှုန်လေးတွေ ဆက်ပြီး၊ ကာကွယ်ပေးတတ်ပါတယ်။နေရောင် ကို မကာကွယ်တတ်ရင်၊ နေရောင်နဲ့ဆက်ပြီး နေ့စဉ် ထိတွေ့နေမယ်ဆိုရင် ဘယ်လို နေရောင်ကာ ကရင်မ်ကို သုံးသုံး တင်းတိတ်က ကုရခက်ပါတယ်။ တင်းတိတ်ကုသဖို့က တာရှည်လှပါတယ်။ ခက်ခဲလှပါတယ်။ တစ်ချို့တင်းတိတ်က သူ့အလိုလို ပါးသွားတတ်ပါတယ်။ နေရောင်ကို ဆက်ထိနေမယ်ဆိုရင် ကုသထားရင်လည်း ပြန်ဖြစ်တတ် ကြပါ တယ်။ တင်းတိတ်က အရေပြားလွှာအနက်ထဲမှာ ရှိရင် ပိုကုသရခက်ပါတယ်။ ဒါကြောင့် တင်းတိတ် မဖြစ်ခင် နေရောင်ကို ကြိုတင်ကာကွယ်ဖို့နဲ့တင်းတိတ် ဖြစ်တာနဲ့စောစောသိ စောစော စနစ်တကျ ဆေးကုဖို့ ပြောချင်ပါတယ်။"

ကုရခက်တဲ့ တင်းတိပ်တွေကို သဘာဝနည်းတွေကို အသုံးပြုမယ်ဆိုရင် တင်းတိပ် နဲ့ မှဲ့ခြောက်တွေက လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်၊ အဆင့်ဆင့် သုံးနေရမယ့် Skin Care Product တွေကို ငွေကုန်ကြေးကျခံပြီး မလုပ်ချင်ဘူးဆိုရင်တော့ လွယ်ကူရိုးရှင်းထိရောက်တဲ့ သဘာဝနည်းလမ်းတွေနဲ့ ကိုယ့်မျက်နှာပေါ်က တင်းတိပ်၊ မှဲ့ခြောက်တွေကို ဖယ်ထုတ်ဖို့ ကြိုးစားကြည့်ကြစေချင်ပါတယ်။


က္က