ရှားစောင်းလက်ပပ်ဟာ ကိုယ့်ရဲ့ ခေါင်းအစခြေအဆုံး အလှအပတရားအတွက် အသုံးအဝင်ဆုံး သဘာဝတရားကပေးတဲ့ အလှကုန်ပစ္စည်းပါ။
Thin Nu Swe

အလှအပကို မခုံမင်တဲ့ မိန်းကလေးရယ်လို့ မရှိပါဘူး၊ လှချင်ပချင် အသားအရေကောင်းချင်လွန်းတာကြောင့် အလှကုန် ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းပေးတဲ့ Skin Care တွေကို ဈေးကြီးပေးဝယ်ပြီး သုံးနေကြတာက သက်သေပါပဲ။ တကယ်တော့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ခေါင်းအစခြေအဆုံး အလှတရားတွေကို အကုန်အကျ သက်သက်သာသာနဲ့ ထိန်းသိမ်းလို့ ရတဲ့ သဘာဝပစ္စည်းတစ်ခု ရှိနေပါတယ်။

အဲဒါကတော့ ဘယ်မှာမဆို အလွယ်တကူရနိုင်တဲ့ ရှားစောင်းလက်ပပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်တော်တော်များများမှာ ရှားစောင်းလက်ပပ်ပင်တွေ စိုက်ထားကြတာကို မြင်တွေ့ကြရမှာပါ။ ရှားစောင်းလက်ပပ်ရဲ့ ပျိုးပင်တွေကို ဆိုရင်လည်း ဈေးတွေမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပါတယ်။ ဒီလို လက်တစ်ကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ ရှားစောင်းလက်ပပ်ရဲ့ အကျိုးကျေးဇူးတွေကိုတော့ သိသူနည်းကြပါတယ်။

ဈေးအသက်သာဆုံး တန်ဖိုးကြီး Skin Care

တကယ်တော့ ရှားစောင်းလက်ပပ်ဟာ တကယ်ကို တန်ဖိုးကြီးတဲ့ Skin Care ပါပဲ။ အသားအရေနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက် ဘက်စုံသုံးနိုင်တဲ့ အစွမ်းထက် ဆေးတစ်လက်ဆိုလည်း မမှားပါဘူး။

ရှားစောင်းလက်ပပ်ပင်လေးတွေ စိုက်ထားတဲ့ မစုကလည်း ရှားစောင်းလက်ပပ်ရဲ့ အလှအပရေးရာအတွက် အသုံးဝင်ပုံကို ခုလို ပြောပြပါတယ်။

"ရှားစောင်းလက်ပပ်ကို အသားအရေအတွက် အဓိက သုံးတာ များတယ်၊ ညဘက် မျက်နှာ သန့်စင်ပြီး ရှားစောင်းလက်ပပ်လေး လိမ်းပြီး အိပ်တယ်ဆိုရင် မနက်ကျရင် အသားအရေလေးက ကောင်းနေတယ်။ နောက်တစ်ခုကကျတော့ ဆံသားအတွက်ပေါ့။ ခေါင်းမလျှော်ခင် ရှားစောင်းလက်ပပ်လိမ်းပြီးမှ လျှော်မယ်ဆိုရင် ဦးရေပြားအတွက်ကော ဆံသားအတွက်ကော ကောင်းတယ်။ ရှားစောင်းလက်ပပ်ကို စားကြတယ်လို့တော့ ကြားဖူးတယ်။ အစ်မကတော့ ခြေတွေ လက်တွေ သုတ်လိမ်းတာ များတယ်။"

အအနေလောင်သက်သာပျောက်ကင်းစေနိုင်ခြင်း

နေလောင်ခံရတဲ့ အသားအရေကို ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ နေပူဒဏ်ကြောင့် လောင်သွားတဲ့ အသားအရေ ၊ ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် ရှားစောင်းလက်ပပ်နဲ့ ပြန်လည်ကုသလို့ ရပါတယ်။ ရှားစောင်းလက်ပပ်အတွင်းထဲက ဂျယ်လ်အနှစ်ဟာ အရေပြားကို အေးမြစေပြီး နီရဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ သက်သာစေပါတယ်။ ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာကို ခွာချပေးတာဖြစ်တဲ့အတွက် လိမ်းလိုက်တဲ့အခါမှာ အသားအရေကို အစိုဓာတ်ထိန်းပေးလိုက်တဲ့အပြင် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အလွှာလေးတစ်ထပ် ပြန်လည် ဖြစ်ပေါ်လာစေပါတယ်။

အစိုဓါတ်ထိန်းခရင်မ်အဖြစ် အသုံးပြုနိုင်ခြင်း

နွေကိုလည်း ရောက်လာပြီဖြစ်တဲ့အတွက် အသားအရေတွေဟာ ခြောက်သွေ့ပြီး အစိုဓာတ်နည်းလာပါတယ်။ ရေသောက်နည်းတဲ့သူတွေဆိုရင် အသားအရေတွေ အက်ကွဲလာတတ်ပါတယ်။ ဒီလို အချိန်မှာ Moisture Cream ကို အသုံးပြုဖို့ ပိုလိုအပ်လာပါပြီ။ Moisture ကို ဝယ်ယူသုံးစွဲတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တာမျိုးတွေ ကြုံရနိုင်ပါသေးတယ်။ ရှားစောင်းလက်ပပ်ကတော့ သဘာဝပစ္စည်းဖြစ်တဲ့အတွက် မတူညီတဲ့ အသားအရေပုံစံတိုင်း အသုံးပြုလို့ ရပါတယ်။

အမွှေးအမျှင်ရိတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ခြင်း

ခြေသလုံးမွှေးတွေ၊ ချိုင်းကြားကအမွှေးတွေ ရိတ်တဲ့အခါမျိုးတွေမှာလည်း ရှားစောင်းလက်ပပ်အနှစ်ကို ချောဆီအဖြစ် အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ဟာ သဘာဝအတိုင်း ဘာ ဓာတုပစ္စည်းမှ မပါဝင်တဲ့အတွက် အသားအရေကို နူးညံ့ချောမွေ့စေပြီး ချွေးပေါက်မကျယ်အောင် ကာကွယ်ပေးထားပါတယ်။ အမွှေးအမျှင်တွေ ရိတ်နေရင်း ထိခိုက်ရှနာဖြစ်လာခဲ့ပြီဆိုရင်လည်း အမြန်ဆုံးသက်သာပြီး အနာကျက်မြန်စေပါတယ်။

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း

ရှားစောင်းလက်ပပ်ဟာ အသားအရေကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် A အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေတဲ့အပြင် အသားအရေကို တင်းရင်းသွားစေသလို ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုလည်း ထိန်းပေးထားနိုင်ပါတယ်။

ဝက်ခြံနဲ့ အရေပြားရောဂါကို ကာကွယ်ပေးနိုင်ခြင်း

ရှားစောင်းလက်ပပ်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်၊ ဒါ့ကြောင့် ဝက်ခြံ နဲ့ အရေပြားမှိုရောဂါတွေ မဖြစ်လာစေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ အစရှိတဲ့ အရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပက်က ရတဲ့ အနှစ်ကို အသုံးပြုနိုင်ပါသေးတယ်။ အရေပြား ယားယံတာ၊ အသားအရေနီရဲနေတာကို အမြန်ဆုံး သက်သာစေတယ်။ ဒါ့ပြင် နောက်ထပ် အရေပြားရောဂါတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

 မှဲ့ခြောက်နဲ့ အမာရွတ်တွေကို ပျောက်ကင်းစေခြင်း

အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ ရှားစောင်းလက်ပပ်ဟာ မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပါ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေနိုင်ပြီး မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေကိုလည်း လုံးဝပျောက်ကင်းသွားစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

 ဦးရေပြားနဲ့ ဆံသားကို အားဖြစ်စေခြင်း

ရှားစောင်းလက်ပပ်ဟာ ခေါင်းအစကနေ ခြေဖျားအထိ အလှအပတရားအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်စာအဖြစ် ပြောခဲ့ပြီးဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အနှစ်ဟာ ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သန်စေပါတယ်။ ဆံသားနက်မှောင်စေတဲ့အပြင် ဗောက်တွေကိုလည်း ရှင်းပေးနိုင်ပြီး ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့သူတွေလည်း ရှားစောင်းလက်ပက်ရဲ့ အနှစ်ကို လိမ်းပေးလို့ ရပါတယ်။ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်ဂျယ် နဲ့ ဦးခေါင်းကို နှိပ်နယ်ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ၊ ဆံပင်နှစ်ခွဖြစ်တာ နဲ့ ဆံပင်ကျိုးကြေတာတွေကို သက်သာစေပါတယ်။ သန်း နဲ့ ဗောက်တွေကိုလည်း ကင်းစင်စေပါတယ်။

ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း

ရှားစောင်းလက်ပပ်ကို ဖျော်ရည်အဖြစ် သောက်သုံးသူတွေ ရှိသလို ဒီတိုင်း စားကြသူတွေပါ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို စားပေးခြင်းအားဖြင့် ဓမ္မတာမှန်စေပြီး အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေပါတယ်။ သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေနိုင်တော့ပါဘူး။ ဖျော်ရည်လိုသောက်သုံးပေးမယ်ဆိုရင်လည်း အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်၊လေပြွန်ရောင်တာနဲ့ ရင်ပူတာတွေအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

Project management officer မမေချမ်းကတော့ ရှားစောင်းလက်ပပ်တွေကို အလှအပအတွက် ဘယ်လို အသုံးပြုလေ့ရှိသလဲဆိုတာကို Duwun ကို ပြောပြပါတယ်။

"ရှားစောင်းလက်ပပ် အပင်ကို ခွါပြီး အထဲက အနှစ် နဲ့ အုန်းဆီကိုကျိတ် ပြီး ရတဲ့အနှစ်ကို spray ဗူးထဲ ထည့်တယ်၊ အဲဒါကိုတော့ ခြေထောက်ကို ဖြန်းတယ်၊ အဲဒီလို ဖြန်းလိုက်ရင် ခြေချောင်းလေးတွေ နုဖတ်သွားတတ်တယ်၊ နေလောင်ဒဏ်တွေ အတွက်ဆိုရင်လည်း ရှားစောင်းလက်ပပ်ကို လိမ်းတယ်။ ဘယ်တော့မှထီးမဆောင်းတော့ အပြင်ကပြန်လာရင် မျက်နှာသစ်ခြေလက်ဆေးပြီး ရှားစောင်းလက်ပပ် လိမ်းဖြစ်တယ်။ နောက်တစ်မျိုးကတော့ Make up remover အနေနဲ့ သုံးတယ်။ ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း နှစ်ဇွန်း ၊ အုန်းဆီစားပွဲတင်ဇွန်း တစ်ဇွန်းရောပြီး မိတ်ကပ်ဖျက်တဲ့ နေရာမှာသုံးတယ်။ နောက် စားစရာသောက်စရာစဉ်းစားလို့မရရင် ရှားစောင်းလက်ပပ်ကို ဖျော်ရည်လုပ်သောက်တယ်" 

အသားအရေကို ချောမွတ်စေခြင်း

အိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်ဂျယ်ကို မျက်နှာအနှံ့ပွတ်လိမ်းပြီး မိနစ်၂၀ အကြာမှာ ရေအေးနဲ့ မျက်နှာသစ်လိုက်မယ်ဆိုရင် မိတ်ကပ်ချေးတွေ ကင်းစင်စေပြီး ချွေးပေါက်ပွင့်သွားတာဖြစ်တဲ့အတွက် ဝက်ခြံတွေလည်း ထွက်မလာနိုင်တော့ပါ။ အသားအရေကိုလည်း ချောမွေ့သွားစေပါတယ်။

အရေပြားဆိုင်ရာ ကုထုံးတွေနဲ့ အလှအပဆိုင်ရာ ခေါင်းအစခြေအဆုံးအတွက် အရမ်း အသုံးတည့်ပြီး အလှကုန် ပစ္စည်းတွေမှာ အသုံးပြုလေ့ရှိတဲ့ အကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်ပါတယ်။ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ်တွေအပြင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကို ကောင်းမွန်စေခြင်း နဲ့ အဆိပ်အတောက်ကို ပြေစေခြင်း စတဲ့ အစွမ်းသတ္တိတွေ အများကြီး ရှိတဲ့အတွက် အကုန်အကျသက်သာပြီး အလှအပအတွက်ကော ကျန်းမာရေးအတွက်ပါ အရမ်းအသုံးဝင်တဲ့ ရှားစောင်းလက်ပပ်ကို မိန်းကလေးတိုင်း အိမ်မှာ စိုက်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။









က္က